By Than Lyan / MPA (Photo Essay)
ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ ရေဘေးသင့်ပြည်သူ တစ်သောင်းကျော် ယာယီရွှေ့ပြောင်းနေထိုင်နေရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
“ ရေကတော့ မြို့ပေါ်ရပ်ကွက်တွေမှာကျနေပြီ ရွာတွေထဲမှာတော့ အခုထိရေမြုပ်နေတုန်းပဲ၊ ရေပြန်ကျသွားရင်တောင် ပြန်ထူထောင်ဖို့ ခက်အုန်းမယ်ဗျာ၊ ပဲခင်းတွေလဲ ရေမြုပ်လို့ ပျက်စီးသွားပြီ ဘာကိုအစက ပြန်လုပ်ရမှန်းကို မသိတော့ပါဘူး” ဟု တောင်ငူမြို့ခံ တစ်ဦးက ပြောသည်။
ထို့ပြင် တောင်ငူမြို့အတွင်း ရေကြီးနစ်မြုပ်နေသည့် ရွာများသို့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ရန် သွားရောက်ရာ၌ ရေစီးအသန်လွန်နေခြင်းကြောင့် ခက်ခဲမှုများလည်းရှိနေကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ဆိုသည်။
လက်ရှိ တောင်ငူမြို့အတွင်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ရုပ်အလောင်း ရှစ်လောင်း တွေ့ရှိထားပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။
ယင်းအပြင် ပဲခူးတိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် စပါးဧက တစ်သိန်းခန့် ရေကြီးနစ်မြုပ်ခဲ့ကြောင်းလည်း သိရသည်။