By Ko Paing / MPA
ပဲခူးတိုင်း၊စစ်တောင်းမြစ်ဝှမ်းဒေသ PDF စိုးမိုးနယ်မြေများတွင် ရေကြီးရေလျှံမှုမဖြစ်ခင် ကြိုတင်ပြင် ဆင်ထားမှုကြောင့် ကြီးမားသည့်ထိခိုက်ပျက်စီးမှု မရှိသလို လူအသေအပျောက်လည်း နည်းကြောင်း သိရသည်။
စက်တင်ဘာဒုတိယပတ်မှ စတင်ကာ စစ်တောင်းမြစ်ရေတက်သည့်အတွက် စစ်တောင်းမြစ်ကမ်း ဘေးရှိ ကျေးရွာများ ရေနစ်မြုပ်ခဲ့သော်လည်း ကြိုတင်ပြင်ဆင်ထားမှုများအရ အချိန်မီ ရွှေ့ပြောင်းနိုင် ခဲ့ကြောင်း Royal Peacock Column ထံကသိရသည်။
“ရေမကြီးခင်ကတည်းက တပ်(PDF) အင်အားကနေ ထုတ်နုတ်ပြီးတော့ ချောင်းတွေ၊မြောင်းတွေနား မှာ ရဲဘော်တွေကို ရေကင်းစောင့်ခိုင်းတာပေါ့။ရေမကြီးခင်ကတည်းက အရေးပေါ်ရွှေ့ပြောင်းနိုင် အောင် ဘယ်လိုမျိုးတွေလုပ်ကြမလဲဆိုတာမျိုး ဆွေးနွေးထားမှုတွေရှိတယ်။ဒါတွေကို ရွာလူကြီးလို့ ပြောလို့ရတဲ့သူတွေနဲ့ ကျတော်တို့ တပ်(PDF)နဲ့ပေါင်းပြီးတော့ ရွာသားတွေနဲ့ပေါင်းပြီး အရေးပေါ်ရေ ကြီးလာရင် ဘယ်နေရာကို ရွှေ့ကြမယ်၊ပြောင်းကြမယ်။ရပ်ရွာတွေထဲမှာ လိုက်ပြီးတော့ ရဲဘော်တွေ ကနေ ရေကြီးမှုအန္တရာယ် ပညာပေး ဆော်သြတာတွေရှိတယ်။တကယ်ရေကြီးလာတဲ့အချိန်မှာ အချိန်မီရွှေ့ပြောင်းနိုင်တယ်” ဟု Royal Peacock Column မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ က MPAသို့ ပြောသည်။
စစ်တောင်းမြစ်ဝှမ်းဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် ပဲခူးတိုင်းပကဖ၊မြို့နယ်ပကဖ၊မြို့နယ်ပအဖ၊ PDF စစ်ကြောင်းများနှင့် PDF တပ်ရင်းများက တပ်ရင်းရိက္ခာများ ပြန်လည်ဝေငှကာ ကူညီကယ်ဆယ်ရေးများပြုလုပ်နေကြောင်းလည်းသိရသည်။
စစ်ကောင်စီတပ်သည် စစ်တောင်းမြစ်အရှေ့ခြမ်း နယ်မြေများကိုရေဘေးကူညီကယ်ဆယ်ခွင့်ပိတ်ပင် ထားကြောင်းလည်းသိရသည်။
“စစ်ကောင်စီက စစ်တောင်းမြစ်အရှေ့ခြမ်းကို ကူညီဖို့ခွင့်မပြုဘူးဆိုတာက ဒီနယ်မြေမှာက များသော အားဖြင့် ကျတော်တို့ တပ်တွေ စိုးမိုးထားတာကြောင့် သူတို့စိုးမိုးနယ်မြေ အများကြီးမရှိတော့ဘူး။ သူ(စစ်ကောင်စီ)တို့တပ်ရှိတယ်။ကျနော်တို့ တပ်(PDF)ရှိတယ်။ဒါကြောင့်ခွင့်မပြုတာပေါ့။ကျတော် တို့ စိုးမိုးထားတဲ့ နယ်မြေမှာတော့ ပြည်သူသေဆုံးမှု ကြီးကြီးမားမားမရှိဘူး။ကြီးကြီးမားမား ထိခိုက်မှု လည်း မရှိဘူး။ကျတော်တို့ ကြိုတင်ပြင်ဆင်ထားနိုင်တယ်။မဖြစ်ခင်မှာကတည်းက ကြိုတင်ပြင် ဆင် ထားတာကြောင့် ရသလောက်အုပ်မိတယ်လို့ပြောလို့ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာ၊ဆေးဝါးနှင့်အမိုးအကာများ အရေးပေါ်လို အပ်နေကြောင်း သိရသည်။
“ရေဘေးကြောင့် ထိခိုက်သေဆုံးမှုနဲ့ အိုးအိမ် ပျက်စီးမှု စာရင်းတွေကို ကျတော်တို့ ပြုစုနေတုန်းရှိပါ သေးတယ်။တချို့နေရာတွေမှာ ရေက တန့်နေပြီး တချို့နေရာတွေမှာတော့ ရေရောက်ရှိခြင်းမရှိပါ ဘူး။ရေနစ်မြုပ်တဲ့ ရေမြုပ်ဧရိယာအသေးစိတ်ကိုတော့ ကျတော်တို့ မကြာခင် ထုတ်ပြန်ပါမယ်” ဟုတောင်ပိုင်းစစ်ဒေသ၊အမှတ်နှစ် စစ်ဒေသခွဲ မှ ပြန်ကြားရေး တာဝန်ခံ စောဒိုရှင်း ကပြောသည်။
တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်နှစ် စစ်ဒေသခွဲ ဧရိယာရှိ ဖြူး၊ရွှေကျင်၊ကျောက်ကြီး၊မုန်း၊ ညောင် လေးပင်နှင့်ကျောက်တံခါးမြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းနှင့် ရိက္ခာမျှဝေခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။
စစ်တောင်းမြစ်အရှေ့ခြမ်းရှိ ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးအပြင် ပြန်လည်နေရာ ချထားရေးကိုပါ PDF တပ်ရင်း၊တပ်ဖွဲ့များက လုပ်ကိုင်ဆောင်ရွက်နေကြောင်းသိရ သည်။









