By Nway / MPA
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် စစ်မျက်နှာအစုံ၌ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA ) ပါဝင်တိုက်ခိုက်နေကြောင်းသိရသည်။
ဇွန် ၂၅ရက်မှစ၍ တစ်ကျော့ပြန်စတင်လာသည့် ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းကို အားဖြည့်သည့်အနေဖြင့် ရှမ်းမြောက်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲများဖော်ဆောင်နေကြောင်း PLA ထံကသိရသည်။
“ မတ္တရာ၊ ပုလဲ၊ ပခုက္ကူ ၊ ဘုတလင်ဘက်မှာ တိုက်ပွဲတွေဖော်ဆောင်နေတယ်။ နောက်ပြီး သပိတ်ကျင်း ၇ မိုင်လေ့ကျင့်ရေးတပ်၊ တတက – ၁၃ ( တန်းမြင့်လေ့ကျင့်ရေးကျောင်း ) တို့ကိုလည်း တိုက်ခိုက်နေဆဲပါ “ ဟု PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က MPA ကို ပြောသည်။
လားရှိုးမြို့သိမ်းတိုက်ပွဲ၊မိုးမိတ်မြို့သိမ်းတိုက်ပွဲ၊ သပိတ်ကျင်း ခလရ ၁၄၈ တပ်ရင်းတိုက်ပွဲ ၊ ဖော့တော့လမ်းဆုံတိုက်ပွဲ၊ တွင်းငယ်ရဲစခန်းသိမ်းတိုက်ပွဲ နှင့် ကင်းချောင်းစခန်းသိမ်းတိုက်ပွဲတို့တွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ PLA ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ကာ တန့်ယန်းမြို့နှင့် လားရှိုးမြို့ကြား ဖြတ်တောက်ရေးတာဝန်နှင့် မိုးကုတ်မြို့နှင့် သပိတ်ကျင်းမြို့ကြား ဖြတ်တောက်ရေး တာဝန်ယူခဲ့ကြောင်း ရဲဘော်နီနီကျော်က ပြောသည်။
“ တိုက်ပွဲတွေကြားမှာ ထိခိုက်တဲ့ရဲဘော်တွေ၊ ကျဆုံးသွားတဲ့ ရဲဘော်တွေရှိတယ်လို့ပဲ ပြောပါရစေ။အခုအချိန်မှာတော့ ကျမတို့ သတင်းမထုတ်ပြန်သေးပါဘူး။ အချိန်တစ်ခုရောက်ရင်တော့ မိဘပြည်သူတွေဆီ အသိပေးပါ့မယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် သပိတ်ကျင်းနှင့်စဥ့်ကူးမြို့နယ်အတွင်းရှိ ဆင် ၁၃၈ ကောင်ပါဝင်သော ဆင်ဝိုင်း ၂၁ ဝိုင်းကိုလည်း PLA က ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
“ တိုက်ပွဲတွေဖြစ်နေစဉ်အတွင်းမှာပဲ ဆင်၊ ဆင်ဦးစီးတွေ၊ ဆင်ဆရာဝန်တွေနဲ့ မိသားစုဝင်တွေက စဉ့်ကူးနဲ့ သပိတ်ကျင်းမှာရှိတဲ့ PLA ၂၂၂ တပ်ရင်းဆီကို ခိုလှုံလာတဲ့အတွက် စောင့်ရှောက်ထားပေးတယ်။ အခြေခံစားသောက်ကုန်တွေ ကူညီပေးထားပါတယ်” ဟု ၎င်းကပြောသည်။
PLA သည် ၁၀၂၇စစ်ဆင်ရေး ပထမလှိုင်းတွင်လည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး ယခု ဒုတိယလှိုင်းတွင်လည်း ဟန်ချက်ညီတိုက်ပွဲဝင်လျက်ရှိကြောင်း၊ စစ်သုံးစစ်တိုက်ဖျက်ရေးနဲ့ အဖိနှိပ်ခံပြည်သူလူထု တစ်ရပ်လုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း PLA က ထုတ်ပြန်ထားသည်။




