By Ra Wai / MPA
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် စစ်ရေး၊နိုင်ငံရေးအရ ပူးပေါင်းခြင်း လုံးဝပြုလုပ်မည်မဟုတ် ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ကထုတ်ပြန်လိုက်သည်။
MNDAAအနေနှင့် NUGနှင့် စစ်ရေး၊နိုင်ငံရေးအရ ပူးပေါင်းခြင်း၊စစ်မြေပြင်များ ချဲ့ထွင်ခြင်း၊မန္တလေး နှင့်တောင်ကြီး ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်သော်လည်း ကိုယ့်ကိုယ့်ကိုယ် ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဟု စက်တင်ဘာလေးရက်၊ရက်စွဲဖြင့် ထုတ်ပြန်ချက် အား စက်တင်ဘာ၁၈ရက်ည၌ MNDAA ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။
“MNDAA ရဲ့ အခုထုတ်ပြန်ချက်က တရုတ်ရဲ့ ပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့် တရုတ်အလိုကျအ တိုင်း ထွက်ပေါ်လာတာပါ။တိုက်ပွဲတွေကို ခဏရပ်ကြောင်း ကြေညာလိုက်တဲ့သဘောပါပဲ။ဒါပေမဲ့၊ သိမ်းထားတဲ့မြို့တွေ ပြန်ပေးမှာ မဟုတ်ဘူး။စစ်တပ်က လာတိုက်ရင်တော့ ပြန်တိုက်မယ်လို့ ဆိုထား တာကြောင့် တိုက်ပွဲတွေကတော့ အချိန်မရွေး ပြန်ဖြစ်နိုင်ပါတယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက် ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
တရုတ် သို့မဟုတ် မြန်မာကိုဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့် မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ် မဖွဲ့ခြင်းသည် MNDAA ၏ နိုင်ငံရေး Redline ဖြစ်ကြောင်းလည်း ထုတ်ပြန် ထားသည်။
MNDAA ၏ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဟူသည့် နိုင်ငံရေးရပ်တည်ချက် ကို လုံး ဝပြောင်းလဲမည်မဟုတ်ဘဲ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကိုလုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းများကို လုံးဝ ပြုလုပ်မည်မဟုတ်ကြောင်း လည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
MNDAA၏ ယင်းထုတ်ပြန်ချက်အောက်တွင်ဖေ့စ်ဘွတ်ခ်သုံးစွဲသူအချို့က ပြင်းထန်စွာကန့်ကွက် ကြောင်း မှတ်ချက်ပြုထားကြပြီး Thiha Siko ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင်က “ပြည်သူလက် ခံတဲ့ တော်လှန်ရေးမို့ ဒီနေ့ ဒီခရီး ကို ရောက်ခဲ့တာပါ။ ပြည်သူ သာ လက်မခံခဲ့ရင် MNDAA ဆိုတာ ဒီခရီး ကို မရောက်နိုင်ဘူးဆိုတာ ရပ်တည်ခဲ့တဲ့ သက်တမ်းသမိုင်းက လက်ညှိုးထိုးပြပါလိမ့်မယ်။ အတော် စိတ်ပျက်စရာကောင်းတဲ့ နိုင်ငံရေး လုပ်စားကွက်တွေပါလား။ တိုင်းပြည်လူမျိုး တကယ်ချစ်လို့ အသက်ပေးလှူသွားရတဲ့ ရဲဘော်တွေကိုပဲ နှမြောမိတယ်” ဟု မှတ်ချက်ပြုထားသည်။
တရုတ်နိုင်ငံအနေဖြင့် ပိုမိုဆိုးရွားလာသော မြန်မာနိုင်ငံအခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးရန် အထူးမေတ္တာရပ်ခံကြောင်း MNDAAအနေနှင့် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့်တက်တက်ကြွကြွ ပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသော လမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
“အရင်တုန်းက ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်က စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ပူးပေါင်းဆင်နွှဲမယ်လို့ ဆိုထားတယ်။ အခု MNDAA ထုတ်ပြန်ချက်က စစ်အာဏာရှင်စနစ်အမြစ်ပြတ် ရေးက သူတို့နဲ့ မဆိုင်တော့ဘူးလို့ ကောက်ယူလို့ရတော့ MNDAA အတွက် သိက္ခာကျစရာတော့ ဖြစ် တယ်”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ဆိုသည်။
မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြတ်ပြတ်ရေးအတွက် ပူးပေါင်းဆင်နွှဲ သွားမည်ဖြစ်ကြောင်းညီနောင်သုံးဖွဲ့က ၂၀၂၃၊ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
လတ်တလောကာလတွင် စစ်ကောင်စီတပ်က TNLAနှင့် MNDAA သိမ်းပိုက်ထားသော မြို့များရှိ ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။