By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် စုန်ဆင်းလာသည့် စစ်ကောင်စီ သင်္ဘောများ တိုက်ခိုက်ခြင်းမခံရစေရန် လေကြောင်းပစ်ကူကာ လမ်းရှင်းပေးသွားကြောင်းသိရသည်။
ယနေ့(စက်တင်ဘာ ၁၈ရက်) ၊နေ့ခင်း ၁၂နာရီခန့်က ကနီမြို့သို့ စစ်ကောင်စီ သင်္ဘော ကိုးစီးဆိုက်ကပ်လာပြီးနောက် မွန်းလွဲနှစ်နာရီကျော်၌ ရွှေစာရေးရွာအနီးသို့ PDF တို့၏ တိုက်ခိုက်မှုမရှိဘဲ လေကြောင်းပစ်ခတ်မှုတစ်ကြိမ်နှင့် ညနေ ငါးနာရီခန့်က သပြေတောရွာအနီး၌ PDFတို့နှင့် ထိတွေ့မှုဖြစ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း ကနီဒေသခံအချို့ထံက သိရသည်။
“ ရွှေစာရေးနားတော့ ပစ်တာမရှိဘူး။ သပြေတောနားတော့ ပစ်တာခတ်တာရှိလိုက်တယ်ဗျ။ သူတို့ရဲ့ မော်တော်တစ်စီးထိတယ်လို့လည်းကြားတယ်။ အဲ့ဒါကြောင့် ပစ်တာလားတော့မသိဘူး။ ဒါပေမဲ့ သူတို့ပစ်တဲ့နေရာနဲ့ ဖြစ်တဲ့နေရာ တခြားစီဖြစ်နေတယ်။ သူတို့ပစ်ချင်တဲ့နေရာ ပစ်သွားတာ” ဟု ကနီမြိုနယ်၊ ချင်းတွင်းမြစ်ကမ်းဘေးနေ အမျိုးသားတစ်ဦးက MPA သို့ပြောသည်။
ယင်းစစ်ကောင်စီသင်္ဘောများသည် ကလေးဝမှ မော်လိုက်၊ မင်းကင်း၊ ကနီသို့ စုန်ဆင်းလာပြီး ညနေ ခြောက်နာရီခန့်တွင် မုံရွာမြို့နယ်ထဲသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ၎င်းကပြောသည်။
“ ယင်းမာပင်မြို့နယ်ကို ကျော်သွားပြီ။ မုံရွာကို ရောက်သွားပြီ။ ရိက္ခာတို့ ဘာတို့ပါမယ်ထင်တယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းစစ်ကောင်စီ သင်္ဘောများကြောင့် ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ ကျေးရွာများမှ ဒေသခံ လေးထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းသိရသည်။