By Poe Sangle/ MPA
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် နှင့် လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုကြောင့် ရေဘေးခံစားနေရသည့် ပြည်သူတစ်သိန်းခန့် အကူအညီများလိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁၀ရက်မှ စတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပွားပြီးနောက် ရေဘေးသင့် ပြည်သူ တစ်သိန်းခန့်သည် အစားအသောက်၊ တစ်ကိုယ်ရေသုံးပစ္စည်း၊ အမိုးအကာနှင့် ဆေးဝါးများ လိုအပ်နေခြင်းဖြစ်သည်။
တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်တို့တွင် စက်တင်ဘာ ၁၂ရက်မှ စတင်ကာ ရေများပြန်လည်ကျဆင်းခဲ့သော်လည်း နေအိမ်အဆောက်အအုံနှင့် လူထိခိုက်မှုများရှိနေသည့်အတွက် အရေးအပေါ်အကူအညီများ လိုအပ်နေခြင်းလည်းဖြစ်သည်ဟု ဟိုပုံးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဟိုပုံးမြို့ပေါ်မှာတော့ ရေဘေးကြောင့် သေဆုံးတာ နှစ်ယောက်ပဲရှိတယ်။ အိမ်တွေထိခိုက်တာတော့ရှိပေမဲ့ အရမ်းကြီးပျက်စီးသွားတာမျိုးမရှိဘူး။ ကျေးရွာတွေဘက်နဲ့ မဲနယ်တောင်ဘက်မှာ အများကြီး ထိခိုက်နေတာ၊ တချို့ရွာဆိုရင် ရွာလုံးကျွတ်ကိုပါသွားတယ်။ ပြီးတော့ ရေပြန်ကျသွားတာ သုံးလေးရက်ရှိပေမဲ့ လူတွေပြန်ရှာဖွေ့နေရတယ်။ မတွေ့သေးတဲ့သူတွေလည်း ရှိတယ်။ အခုလောလောဆယ်က နေရာထိုင်ခင်းနဲ့ အစားအသောက်အဓိကလိုအပ်နေတယ်” ဟု ဟိုပုံးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၁ရက်တွင် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ စငေါဝ်းကျေးရွာအုပ်စု နမ်းဟူးကျေးရွာ၊ ယုတ်ပေး၊ တဖူကဲင်းလုဲင်းလောင်း၊ ပင်လျမ်းနှင့် စံဖူးအုပ်စု နောင်စုံ၊ စောက်ကဆျား၊ တလျန်း၊ လုံးဟီး၊ ဗန်းစောက်၊ လုဲင်းကင်(လုဲင်းကွဉ်း)၊ ထမ်းအယ်စသည့် ကျေးရွာ၌ ရေကြီးရေလျှံမှုကြောင့် ဒေသခံ ၂၀ ကျော်သေဆုံးခဲ့ပြီး နေအိမ်အလုံး ၈၀ ကျော်ပျက်စီးသွားခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် မြို့များသည် တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီး ၊ ဟိုပုံးမြို့၊ ကလော၊ ဆီဆိုင်၊ ညောင်ရွေ၊ ပင်လောင်းမြို့၊ ဖယ်ခုံမြို့ နှင့် လွိုင်ခရိုင်၊ လွိုင်လင်မြို့နယ်နှင့် နမ့်စန်မြို့နယ် တို့ ဖြစ်သည်။
ထိုကဲ့သို့ ရေကြီးရေလျှံမှုကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်တို့တွင် ရေးကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် ပွန်ချောင်းတံတားကို ပြန်လည်ပြုပြင်ထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
“ရေကတော့ နေရာအစုံမှာ ပြန်ကျသွားတာတော့ မဟုတ်ဘူး။ တချို့ကျေးရွာမှာဆိုရင် ရေမြုပ်နေဆဲပဲ၊ ပြန်လည်ထူထောင်ရေးအတွက်လည်း တော်တော်လေးခက်ခဲမဲ့အခြေအနေပါ၊ ဘာလို့လဲဆိုတော့ စိုက်ပျိုးသီးနှံ့၊ စပါးတွေ အကုန်ပျက်စီးသွားကုန်ပြီလေ၊ ဒေသခံတွေလည်း စားဝတ်နေရေးအတွက် အခက်အခဲနဲ့ရင်ဆိုင်နေရတယ်။ အကူအညီလိုအပ်နေတယ်” ဟု PNLO ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်ယံက ပြောသည်။
အလားတူ လွိုင်လင်မြို့နှင့် မိုင်းပွန်မြို့အကြားတွင် ရေကြီးရေလျှံမှုအပြင် တောင်ကျရေများကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး သုံးဦးသေဆုံးခဲ့ကာ နေအိမ် သုံးလုံးထက်မနည်း ပျက်စီးခဲ့ကြောင်း၊ ခေါက်နွဲ့ကျေးရွာအုပ်စု၊ အင်ခေတ်ကျေးရွာတွင်လည်း မြေပြိုမှုကြောင့် ကားသမားတစ်ဦးအပါအဝင် ၁၃ဦးသေဆုံးခဲ့သည်ဟု မိုင်းပွန်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦး ကပြောသည်။
“ ဒီနေ့ထိတော့ မိုင်းမွန်နဲ့ လွိုင်လင်ကြား ကားတွေသွားလို့မရသေးဘူး။ အဲ့ဒီမှာလမ်းတွေပြိုထားတော့ အိမ်စီးကားတွေ၊ ၁၂ ဘီးကားတွေ အကုန်ပြုတ်ကျနေတာ၊ ပြီးတော့ မနေ့က(စက်တင်ဘာ ၁၇ရက်)ထိ အဲ့ဒီနေရာမှာ အလောင်း ငါးလောင်းတွေ့ထားတယ်။ အခုထိလည်း ရှာနေဆဲပဲ၊ လယ်တွေလဲ အများကြီးပျက်စီးကုန်တယ် ” ဟု ၎င်းက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုကြောင့် ပြည်သူ ၁၄၀ ဦး သေဆုံးကာ၊ လမ်း-တံတား ပျက်စီးမှု ၁၃ခု၊ ရေဘေးသင့်ကျေးရွာ ၁၅၀ နှင့် နေအိမ် ၁၀၈၁လုံး ပျက်စီးခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး-PYO က စက်တင်ဘာ ၁၆ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ရေဘေးသင့်ခဲ့သည့် ကျေးရွာပေါင်း ၁၅၀ ကျော်မှ လူဦးရေ ၁၀၀ ကျော် ပျောက်ဆုံးနေပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအပြင် ရေကြီးရေလျှံမှု နောက်ဆက်တွဲအဖြစ် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါများလည်း ဖြစ်ပွားနိုင်သည့်အတွက် ပြည်သူများ ဂရုစိုက်ရန် PYO ထုတ်ပြန်ချက်၌ တိုက်တွန်းထားသည်။