By Hlaing / MPA
မြန်မာနိုင်ငံအနှံ့ ရေကြီးရေလျှံမှု မဖြစ်ပေါ်မီ တစ်ပိဿာ ကျပ်ရှစ်ရာသာရှိသည့် ခရမ်းချဉ်သီးသည် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ကျပ် တစ်သောင်းထိ စျေးမြင့်တက်လာကြောင်း ကုန်သည်၊ တောင်သူနှင့် အိမ်ရှင်မများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာ ဒုတိယပတ်မှ စတင်ကာ မြန်မာနိုင်ငံနေရာအများအပြား၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီးနောက် ခရမ်းချဉ်သီး အဓိကထွက်ရှိရာဒေသများတွင် စိုက်ခင်းများ ရေနစ်မြုပ်ခြင်း၊ ကုန်းကားများထွက်၍မရခြင်းနှင့် ခရမ်းချဉ်သီးများ ရေစီးနှင့်အတူ မျောပါမှုများဖြစ်ပေါ်ခဲ့ပြီး စျေးနှုန်းအဆမတန်မြင့်တက်လာခြင်းဖြစ်သည်။
“ မိုးမကြီးခင် သြဂုတ်လနောက်ဆုံးပတ်ထိကို ခရမ်းချဥ်သီးစျေးက အကျဘက်မှာ၊ တစ်ပိသာမှ ၈၀၀၊ ၉၀၀ ရာဂဏန်းပဲရှိတယ်။ အင်းလေး၊ ကလောဘက်မှာဆို ခြင်းလိုက်တွေ လွှင့်ပစ်နေရတာ၊ ရေကြီးတဲ့နောက် ကားတွေကအဝင်မရှိ၊ စျေးကပိုကျလာတယ်။အရင်က ကြက်ဥတစ်လုံးစျေးတောင် မရှိဘူး။ လှောင်ထားတဲ့သူတွေက စျေးတက်ရောင်းတော့ စျေးကွက်ထဲမှာ ရန်ကုန်၊ မန္တလေးဘက်မှာ စျေးတက်ပြီး ကမောက်ကမတွေဖြစ်ကုန်တာ” ဟုမိထ္တီလာမြို့မှ ကုန်စိမ်းကုန်သည်တစ်ဦးက MPA သို့ ပြောသည်။
ခရမ်းချဉ်သီး အဓိကစိုက်ပျိုးသည့် ဒေသများသည် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတို့ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေး၊ ပင်းတယ၊ ကလော ၊ အောင်ပန်းနှင့် ညောင်ရွှေမြို့တို့တွင် စိုက်ပျိုးခြင်းဖြစ်သည်။
ခရမ်းချဉ်သီး စိုက်ပျိုးရာ၌ နွေရာသီ၊ မိုးနှောင်းကာလနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးကျပြီး ဒေသအလိုက် စိုက်ပျိုးချိန် ကွာခြားမှုများရှိကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။
“ မိုးများရင် ခရမ်းချဥ်သီးက မခံနိုင်ဘူး။ ကျတော်တို့ဘက်က ရေမကြီးဘူး။ ဒါပေမဲ့ မိုးရွာတာများပြီး အပင်မှာ အနာတွေလာဖြစ်ရောပဲ၊ အပင်အတွက်ဆေးဖိုးက ကုန်ရတယ်။ ပြီးတော့ အပင်နာတော့ တောင်သူတွေက အရှုံးပေါ်တယ်။ တောင်သူတွေအတွက်က ဒီတစ်နှစ်လုံး ခရမ်းချဥ်သီးစျေးမကောင်းဘူး။ စျေးကွက်ထဲမှာသာ စျေးကထောင်တက်နေတာ” ဟု တောင်သာမြို့နယ်မှ တောင်သူအမျိုးသားတစ်ဦးက ဆိုသည်။
ခရမ်းချဥ်သီးအမျိုးအစားများအနေဖြင့် ရှမ်းသီး(တောင်ပေါ်သီး)၊ ကျင်းသီး၊ ဗမာကျားခြေရာသီး၊ ဗမာခရမ်းချဥ် (ကိုင်းသီး)၊ တိုင်လွတ်၊ တိုင်ထောင်၊ တောင်ယာသီး(ယောသီး)၊ ထိုင်ဝမ်သီးနှင့် ဂွသီးဟူ၍ အမျိုးအစားများ ကွဲပြားသည်။
ထိုကဲ့သို့ ခရမ်းချဥ်သီးထွက်ရှိရာဒေသများတွင် မိုးများခြင်းနှင့် ရေကြီးရေလျှံမှုကြောင့် ခရမ်းချဥ်သီးအလုံးမလှခြင်း၊ ခရမ်းချဥ်စိုက်တောင်သူများအနေဖြင့် စျေးရရှိမှုနည်းခြင်း၊ ခရမ်းချဥ်သီးထွက်ရှိရာဒေသများသို့ ကုန်ကားများသွားလာ၍ မရခြင်း၊ စက်သုံးဆီစျေးနှုန်းများမြင့်တက်နေခြင်းနှင့် မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးအဆမတန်ပေးနေရခြင်းတို့ကြောင့် ရေကြီးရေလျှံမှုမဖြစ်ပွားသည့် ဒေသများတွင် စျေးနှုန်းများမြင့်တက်နေခြင်းဖြစ်သည်။
“ ကျမတို့ဘက်က မိုးရွာတာပဲရှိတယ်။ စက်တင်ဘာလဆန်းလောက်က ခရမ်းချဥ်သီး(ရှမ်းသီး) တစ်ပိသာမှ ၄၀၀၊ ၅၀၀ ပဲရှိတယ်။ နောက်တော့ တစ်ပတ်အတွင်းကို ၃၅၀၀ ထိရောက်သွားပြီ၊ မိသားစုများတဲ့လူတွေဆို အလုပ်ကမရှိ၊ မိုးကတစိုစိုနဲ့၊ ကုန်စျေးနှုန်းကပိုကြီးပြီး ဒုက္ခရောက်ရတာပဲ” ဟု မလှိုင်မြို့နယ်အတွင်း နေထိုင်သူ အသက် ၅၀ အရွယ်ရှိ အိမ်ရှင်မတစ်ဦးက ဆိုသည်။
“ ရေမကြီးခင်က ရှမ်းသီးက တစ်ပိသာ ၆၀၀၀ တဲ့။ ဗမာသီး(ကိုင်းသီး) က တစ်ပိသာ ၇၀၀၀ ထိ ရှိတယ်။ ရေကြီးတဲ့နောက် တစ်ပိသာ ၁၀၀၀၀ ကျော်ကုန်တယ်။ ခရမ်းချဥ်သီးတင်မကဘူး၊ တခြားကုန်စိမ်းတွေရော စျေးတက်တာ။ ကုန်ဝင်ရင်တော့ စျေးကျလာမှာပါ” ဟု ရန်ကုန်မြို့တွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့ပြင် ရေကြီးမှုဒဏ်ကို ခံစားခဲ့ရသည့် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တွင် ခရမ်းချဥ်သီးတစ်ပိသာ ၁၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် ဝန်းကျင်အထိ မြင့်တက်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ ကချင်ပြည်နယ်ဘက်ဆိုရင် ဗမာသီး၊ ရှမ်းသီးမဝင်ဘူး။ လမ်းတွေပိတ်တဲ့အပြင် ရေကြီးတော့ တရုတ်ဘက်ကလာတဲ့ ခရမ်းချဥ်သီးချိုချိုကြီးတွေ ဝယ်သုံးနေရတယ်။ အလုံးကြီးငယ်အလိုက် တစ်ပိသာဆို ၁၅၀၀၀ နားထိပဲ” ဟု ဗန်းမော်မြို့တွင် နေထိုင်သည့်အမျိုးသမီးတစ်ဦးက ဆိုသည်။
တောင်တရုတ်ပင်လယ်ပြင်အတွင်း ဖြစ်ပေါ်ခဲ့သည့် ယာဂီမုန်တိုင်းအရှိန်နှင့် အကြွင်းအကျန်လေပွေလှိုင်းများကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်မှစ၍ ရှမ်းပြည်နယ် မြန်မာနိုင်ငံအလယ်ပိုင်း၊ အောက်ပိုင်းနှင့် တောင်ပေါ်ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲသည့်အပြင် တောင်ကျချောင်းရေများကြောင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အိုးအိမ်ပျက်စီးမှုများအပြင် သီးနှံစိုက်ခင်းများ ရေနစ်မြုပ်ခဲ့ခြင်းကြောင့် အခြေခံစားသောက်ကုန်စျေးနှုန်းများ မြင့်တက်လာခဲ့သည်။