By Ko Paing / MPA
တောလမ်းအတိုင်း ဆုတ်ပြေးလာသည့် စစ်ကောင်စီတပ်ကို ခြောက်ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀သေဆုံးပြီး သေနတ်၂၁လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မြတောင်-ကက္ကလမ်းဆုံမှ ဆုတ်ခွာလာသည့် ဗိုလ်းမှူး စန်းယု ဦးစီးသည့် တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(တတက-၁၃)တပ်မှ အင်အား ၅၈ ဦးပါ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊နန်းစိန်တောင်နှင့်နန်းစိန်ချောင်းကြား၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ငါးဦးလည်း ဒဏ်ရာရခဲ့ကြောင်း အမှတ်-၁ စစ်ဒေသက စက်တင်ဘာ၁၇ရက်၌ သတင်းထုတ်ပြန်သည်။
“ကျတော်တို့စတိုက်တာက ကြာပါပြီ။သူတို့ထွက်လာတာက ၁၀ နေရာလောက်ကထွက်လာတာ။ ဟိုပျောက်သွားလိုက်၊ဒီပျောက်သွားလိုက် ကို လိုက်တိုက်ရတော့ ခြောက်ရက်လောက်တော့ကြာပါတယ်” ဟု တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် ရဲဘော်တစ်ဦးကပြောသည်။
စက်တင်ဘာ ၁၇ ရက်တွင် ယင်းစစ်ကြောင်းသည် အလောင်းများထားခဲ့ကာ တတက၁၃ တပ်ထဲသို့ ဝင်ရောက်သွားကြောင်းသိရသည်။
“ဗိုလ်မှူးစန်းယုတို့က ခြေကျင်လာတာပါ။မြတောင်ဘက်ကနေ ဆုတ်လာတာ ကြာပြီ။သူတို့က တောလမ်းတွေကနေ ရှောင်ပုန်းပြီး ကွင်းသွားတာ။တွင်းငယ်ဘက်မှာမှ ထိပ်တိုက်သွားတွေ့တာ” ဟု သပိတ်ကျင်းမြို့နယ်ပကဖ မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ယင်းစစ်ကြောင်း ဆုတ်လာသည့် လမ်းတစ်လျှောက် ထိတွေ့ခဲ့ရာတွင် စစ်တပ်က လေကြောင်း ပစ်ကူမှုများ ရှိကြောင်း သိရသည်။
“ဗိုလ်မှူးစန်းယုကတော့ ထွက်ပြေးလွတ်မြောက်လား မသိရပါဘူး။တကက၁၃ ဘက်ကို ထွက်ပြေးသွားပါတယ်” ဟု တိုက်ပွဲအတွင်းပါဝင်ခဲ့သည့် ရဲဘော်တစ်ဦး ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့များမှ အထူးလှုပ်ရှား တပ်ရင်းသုံး၊ အမှတ် ၅၁၁ တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း သုံး၊လေး၊ငါး၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ ABSDF၊ ပြင်ဦးလွင်ခရိုင် ကွန်မန်ဒိုတပ်စိတ်နှင့် သပိတ်ကျင်းမြို့နယ် ပကဖ တို့ ပူးပေါင်းဆင်နွှဲခဲ့ကြပြီး တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက် သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။