By Garcia Ni / MPA
မကွေးတိုင်း၊ ဂန့်ဂေါမြို့တွင် စစ်ကောင်စီက မြို့ပေါ်သို့ အသား၊ ငါးနှင့်ကုန်စိမ်း အဝင်ကိုသာလက်ခံပြီး အထွက်ကုန်ပစ္စည်းသယ်ယူခွင့် ပိတ်ပင်ထားလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခု၊ ဇူလိုင်လကုန်ပိုင်းမှစ၍ ဂန့်ဂေါမြို့စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား မြို့တွင်းမြို့ပြင် အပြန်အလှန်ကုန်စည်သယ်ယူခွင့်ပိတ်ပင်ထားခဲ့ပြီး လွန်ခဲ့သည့်ရက်သတ္တပတ်ခန့်မှစတင်၍ မြို့ပေါ်သို့ အသား၊ ငါးနှင့် ကုန်စိမ်းဝင်ရောက်မှုကို ကာကွယ်ရေးအဖွဲ့များက ခွင့်ပြုခဲ့သော်လည်း စစ်ကောင်စီကမူ ကုန်စည်သယ်ယူခွင့်ကို ပိတ်ပင်ထားဆဲဖြစ်သည်ဟု သိရသည်။
“ တစ်ပတ်လောက်တော့ရှိပြီ PDFဘက်ကနေ ပြန်ဖွင့်တာ၊ We Love Gangaw ဂိတ်ကနေ အသား၊ ငါးနဲ့ ကုန်စိမ်းတွေ ဝင်တာ၊ အဓိကတော့ ဇာဟောရွာဘက်ကနေ ကုန်စိမ်းတွေဝင်တယ်။ အနောက်ဘက်၊ ရှုံးရှီဘက်ကနေလည်း အသား၊ ငါးတွေဝင်တယ်။ စစ်တပ်ဘက်ကတော့ အထွက်ကုန်ပိတ်ထားတုန်းပါ” ဟု ဂန့်ဂေါမြို့ဒေသခံအမျိုးသားတစ်ဦးက MPA ကိုပြောသည်။
ဂန့်ဂေါမြို့စစ်ကောင်စီသည် ၂၀၂၄ခု၊ ဇူလိုင်လ၂၀ရက်ခန့်မှစ၍ ဂန့်ဂေါမြောက်ပိုင်းနှင့် ချင်းပြည်နယ်သို့ ကုန်တင်ကားများသွားလာခွင့်ကို စတင်ပိတ်ဆို့ခဲ့သဖြင့် တော်လှန်ရေးအင်အားစုများကလည်း ဂန့်ဂေါမြို့တောင်ပိုင်းမှ မြို့တွင်းသို့ကုန်စည်ဝင်ရောက်မှုကို ပိတ်ပင်ထားခဲ့သည်။
ထို့ပြင် ဇူလိုင်လ ၃၁ရက်နေ့တွင် စစ်ကောင်စီက ဂန့်ဂေါမြို့တွင်းမှတစ်ဆင့် ဂန့်ဂေါမြောက်ပိုင်းနှင့် ချင်းပြည်နယ်များသို့ကုန်စည်စီးဆင်းမှုကို ပြန်လည်ခွင့်ပြုခဲ့သဖြင့် ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သြဂုတ် တစ်ရက်နေ့တွင် မြို့တွင်းကုန်စည်ဝင်ရောက်မှုကို ခွင့်ပြုပေးခဲ့သည်။
သို့သော် နောက်ရက်များ၌ စစ်ကောင်စီဘက်မှ ဆက်လက်ပိတ်ဆို့ထားပြန်သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကလည်း သြဂုတ် ခုနှစ်ရက်နေ့မှစ၍ ပြန်လည်ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။
” မြောက်ဘက်ကနေတော့ အရင်က လာပို့ရွာဘက်ကနေ ကုန်စိမ်းတွေ မြို့ထဲသွားရောင်းကြတာရှိတာပါ့၊ စိုင်ဒူးဘက်ကနေလည်း အသားငါးသွားရောင်းတာရှိတယ်။ အခုကတော့ လာပို့ဘက်ကနေရော၊ စိုင်ဒူးဘက်ကနေရော မြို့ထဲသွားမရောင်းကြတော့ပါဘူး။ အနောက်ဘက်၊ ဇာဟော၊ ရှောက်ပင်နဲ့ မန်းကျည်းခင်ဘက်တွေကနေတော့ သွားရောင်းကြတယ်လို့ကြားတယ်။ ဟိုတနေ့က ဇာဟောဘက်မှာ ငါးတစ်ဆယ်သားသုံးထောင်ရောင်းရရင် ဂန့်ဂေါမှာငါးထောင်ရတယ်လို့ပြောနေတာတော့ ကြားတာပါ့ ” ဟု လာပို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဂန့်ဂေါမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် မြို့တွင်းသို့ အသား၊ ငါးနှင့် ကုန်စိမ်းတင်သွင်းခွင့်ကို ခွင့်ပြုပေးခဲ့သော်လည်း လောင်စာဆီနှင့်အခြားကုန်စည်တင်သွင်းခွင့်ကို ပိတ်ပင်ထားလျက်ရှိကြောင်း သိရသည်။
” သူတို့ဘက်က ဘယ်လိုတုန့်ပြန်လာမလဲဆိုတာ လေ့လာချင်လို့ ကျတော်တို့ဘက်က ဒီလိုအသား၊ ငါးနဲ့ ကုန်စိမ်းကိုလွှတ်ထားတာပါဗျ၊ သူတို့(စကစ)ဘက်ကလည်း တချို့အိမ်သုံးပစ္စည်းလေးတွေ ထွက်ခွင့်ကိုတော့ပေးနေတယ်။ သို့ပေမဲ့လည်း ကြီးကြီးမားမားသယ်ယူခွင့်တော့မပေးသေးဘူး ” ဟု ဂန့်ဂေါမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ပြောသည်။
ယင်းအပြင် ဂန့်ဂေါမြို့၊ ခလရ(၅၀)တပ်တွင် ပြီးခဲ့သည့်ဇူလိုင်လအတွင်းက စစ်ကောင်စီဗျူဟာမှူးအသစ် အပြောင်းအလဲ ပြုလုပ်ခဲ့ပြီးနောက် ခံစစ်ပြင်ဆင်ခြင်းနှင့် ထိုသို့ကုန်စည်အထွက် ပိတ်ပင်ထားမြစ်ခြင်းကို ပြုလုပ်လာခြင်းဖြစ်သည်။
ထို့ပြင် အဆိုပါ စစ်ကောင်စီဗျူဟာမှူးသည် ဂန့်ဂေါမြို့အနီးပတ်ဝန်ကျင်ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း၊ ရပ်ရွာလူထုကို ၎င်းတို့အားထောက်ခံပါက ကုန်စည်သယ်ယူခွင့်ပြုသွားမည်ဟု စည်းရုံးရေးဆင်းခြင်းနှင့် မထောက်ခံပါက လက်နက်ကြီးပစ်ခတ်ခြင်းများကို ပြုလုပ်ရမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
“ အခုက ရဲစခန်းတန်းလျားလည်း အပြင်ကနေကြည့်လို့မရတော့ဘူး။ ကပ်တွေအမြင့်ကြီးတွေယက်ပြီး ပတ်ပတ်လည်ကာထားတော့တာ၊ ဂန့်ဂေါမြို့အဝင် ခလရ(၅၀)ဘက်မှာလည်း တုံးတွေနဲ့ခံပြီး ဝါးချွန်တွေထောင်ထားတာ မြော(ရှည်လျားချွန်ထက်)လို့ပါ့။ တပ်ပတ်ပတ်လည်လည်း မိုင်းတွေတန်းစီပြီးထောင်ထားတယ်ကြားတယ်။ မြစ်ကမ်းပါးဘက်ကနေ အတက်လမ်းဆို ဝါးချွန်သုံးဆင့်တောင်ကာထားတာ” ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ(၁၆)ရက်၊ မွန်းလွဲ နှစ်နာရီတွင် ကပ်လျက်တည်ရှိသည့် ဂန့်ဂေါမြို့နယ်ရဲစခန်းနှင့် ခရိုင်ရဲစခန်းဝင်းများအတွင်းသို့ ဒေသကာကွယ်ရေးများဘက်က ဒရုန်းဖြင့်ဗုံးသီးငါးလုံးကြဲချတိုက်ခိုက်ခဲ့ရာ စခန်းတွင်းသို့ကျရောက်ပေါက်ကွဲခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
ယင်းနောက် ဂန့်ဂေါမြို့၊ ခလရ(၅၀)တပ်ရင်းမှ ဂန့်ဂေါမြို့အနောက်ဘက်နှင့် တောင်ဘက်ကျေးရွာများသို့ လက်နက်ကြီးငါးလုံးခန့် တန်ပြန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဇာဟောရွာအနီးနှင့် စိုင်ဒူးရွာတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စိုင်ဒူးရွာမှနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။