By Zwe Ko / MPA
ယခုနှစ်အတွင်း ပဲခူးတိုင်းရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုကြောင့် မိုးစပါး စိုက်ဧက တစ်သိန်းခန့် ရေကြီးနစ်မြုပ်ကာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁၃ရက်မှ စက်တင်ဘာ ၁၇ရက်ထိ ပဲခူးတိုင်း၊ တောင်ငူမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး ယင်းဖြစ်စဉ်ကြောင့် စပါးခင်းများ ပိုမိုပျက်စီးခဲ့သည်ဟု အလယ်ကျွန်းကျေးရွာနေ အသက် ၄၀ အရွယ် တောင်ငူ အမျိုးသားတစ်ဦးက ပြောသည်။
“အခုထိ ရေက မကျသေးဘူး။ စပါးခင်းတွေမြုပ်နေသေးတယ်။ ပြီးတော့ ရေစီးကလည်းသန်တယ်၊ စပါးပင်တွေပါကျွတ်ထွက်ကုန်တာ၊ အကိုတို့ မြို့တင် စပါးခင်းတွေ မပျက်ဘူးဆို ဧက ငါးသောင်းလောက် ပျက်တယ်။ ပထမ ရေဘေးတွေတုန်းကလည်း ပျက်ထားတာတွေရှိတယ်” ဟု ၎င်းကပြောသည်။
လက်ရှိ စိုက်ပျိုးထားသည့် မိုးစပါးများသည် ရိတ်သိမ်းခါနီးဖြစ်ပြီး ယခုကဲ့သို့ ရေကြီးနစ်မြုပ်ခဲ့သည့်အတွက် များစွာ ဆုံးရှုံးရကြောင်း မုန်းမြို့နယ်မှ အသက် ၃၀ အရွယ် တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“စပါးတွေက အနှံတွေထွက်နေပြီ ၊ ရိတ်ခါနီးနေပြီ ၊ အခုရေမြုပ်သွားတော့ ဘာမှလုပ်မရတော့ဘူး။ မျှော်လင့်ချက်တွေအကုန်ပျက်တာပေါ့၊ ကုန်ကျထားတာတွေကလည် တစ်ဧက ခြောက်သိန်းအနည်းဆုံးပဲ၊ စိတ်တွေညစ်လို့ ငိုနေရတယ်။ အိမ်တွေလည်းရေမြုပ်၊ စပါးခင်းတွေလည်းပျက်စီးနေတာ၊ ဘာမှ လုပ်မရတော့ဘူး” ဟု ၎င်းက ပြောသည်။
ပဲခူးတိုင်းသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့်အဓိက အသက်မွေးဝမ်းကြောင်းပြုကြပြီး မကြာခဏ ရေကြီးမှုများဖြစ်ပေါ်နေခြင်ကြောင့် တောင်သူများ များစွာဒုက္ခရောက်ရကြောင်း လက်ပံတန်းမြို့နယ်၊ ခမုံကျေးရွာနေ အသက် ၅၀အရွယ် တောင်သူအမျိုးသားတစ်ဦးက ပြောသည်။
“အကိုတို့ဘက်တော့ ရေကမကြီးသေးဘူး။ ရေတော့တက်နေတယ်။ အခုရေကြီးရင်တော့ အကုန်ကုန်မှာ၊ အခုရက်မိုးကလည်းကောင်းနေတော့ စပါးတွေ အကုန် ရေထဲလဲကုန်ပြီ၊ ပထမရေကြီးတုန်းကလည်း ပျက်သွားတာ များတယ်။ အကိုတို့မြို့တင် ဧက သုံးသောင်းလောက်ရှိတယ်။ ပြန်စိုက်ဖို့အချိန်ကမရှိတော့ မစိုက်ဖြစ်တော့ဘူး။ အဲ့ဒီတိုင်းပစ်ထားလိုက်ရတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီက သဘာ၀ဘေးကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးမှုဖြစ်ပွားပါက လျော်ကြေးငွေ ပေးဆောင်ရန်အတွက် ဟုဆိုကာ တောင်သူများထံမှ လယ်တစ်ဧက သုံးထောင်နှုန်းကောက်ယူခဲ့သော်လည်း လက်ရှိအချိန်ထိ လျော်ကြေးငွေ များ ရရှိခြင်းမရှိသေးကြောင်း သာယာ၀တီမြို့နယ်၊ အသရော်ကျေးရွာနေ အသက် ၄၀ အရွယ်တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ အခုထိ ဘာအကူညီမှ မရသေးဘူး။ လယ်တွေလည်း ရေနစ်ကုန်လို့ ကုန်ပြီ၊ အမတို့ ဆယ်ဧကလောက်ပျက်သွားတယ်။ ဟို့နေ့ ရမယ်၊ ဒီနေ့ရမယ်နဲ့ဘဲ ပြောနေကြတာ၊ အခုထိမရသေးဘူး။ သူတို့(စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး) ပြောတာတော့ စပါးခင်းတွေပျက်ကတည်းက စာရင်းလိုက်ကောက်ပြီး တစ်ဧက တစ်သိန်းလောက်ရမယ်ပြောနေတာ၊ အခု နှစ်လလောက်ရှိပြီ မရသေးဘူး” ဟု အထက်ပါ အမျိုးသမီးက ရှင်းပြသည်။
စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုကြောင့် မိုးစပါးနှင့် သီးနှံစိုက်ခင်း ဧက ခြောက်သိန်းခွဲနီးပါး ပျက်စီးခဲ့ကြောင်း စစ်ကောင်စီက စက်တင်ဘာ ၁၆ရက်တွင် ထုတ်ပြန်ထားသည်။
ပဲခူးတိုင်းအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် စပါးစိုက်ခင်းများအပြင် တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများမှ တောင်သူများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် မစိုက်ပျိုးနိုင်သော လယ်ဧက သောင်းချီရှိနေကြောင်း တောင်သူများထံမှ သိရသည်။
၂၀၂၃ခုနှစ်တွင်လည်း မိုးဦးကာလ မိုးရွာသွန်းမှု နည်းပါးခြင်းနှင့် မိုးနှောင်းကာလ ရေးကြီရေလျှံမှုများကြောင့် စပါးစိုက်ခင်း ဧက သိန်းနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရပြီး စပါးထွက်နှုန်းများလည်း ကျဆင်းခဲ့ရသည်။