By Mandy / MPA
ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံဒေသတွင် သဘာ၀ဘေး နှင့် လူများ၏ လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးမှုများကို ကြုံတွေ့နေရပြီး ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းမှ ဖျက်သိမ်းခံရနိုင်သည့် အနေအထားထိ ဖြစ်လာနိုင်ကြောင်း ရှေးဟောင်းသုတေသန ပညာရှင်များက ပြောသည်။
၂၀၂၄ခုနှစ် စက်တင်ဘာ ၁၁ရက်တွင် နှစ်ပေါင်း ၆၀ အတွင်း ပုဂံဒေသ၌ စံချိန်တင်မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့ပြီး အေဒီ ၁၂ ရာစုနှင့် ၁၃ရာစု လက်ရာ စေတီပုထိုး ငါးဆူ ပြိုကျပျက်စီးခဲ့သည်။
စံချိန်တင်မိုးရွာသွန်းပြီး ပုဂံဒေသ၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ၁၂ ရက်တွင်ငှက်ပစ်တောင်ပေါ်မှ စေတီကြီးဘုရား(ဘုရားအမှတ် ၁၆၇)၊ ဆင်ကဘုရား(ဘုရားအမှတ် ၁၀၄၂) နှင့် ဘုရားအမှတ် ၁၉၀၂ တို့ ပြိုကျမှုဖြစ်ပွါးခဲ့ကာ၊ စက်တင်ဘာ ၁၃ ရက်တွင် ဘုရားအမှတ် ၁၃၇၃ နှင့် သမုတိဘုရား (ဘုရားအမှတ် ၈၄၄) တို့ ပြိုကျခဲ့ခြင်းဖြစ်သည်။
“အရင်က အဆောက်အအုံ၊ အနုပညာပစ္စည်းတွေပဲ ပျက်တာ။၊အခုက cultural landscape ယဉ်ကျေးမှုနဲ့ မြို့ပြပထဝီဝင်အနေအထားကို ပြုပြင်ပြောင်းလဲလိုက်တဲ့ မြေယာရှု့ခင်းပါ တဖြည်းဖြည်းပျက်သွားတာ” ဟု ကိုသူရအောင်(ရှေးဟောင်းသုတေသီ) က MPA ကို ပြောသည်။
ယခင်က ပုဂံဒေသရှိ ဂေါပကအဖွဲ့ဝင်များ၊ ဒေသခံများနှင့် ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် ဒေသခံများ၏ မဆင်မခြင် လုပ်ဆောင်မှုများကြောင့် ရှေးဟောင်း အဆောက်အအုံများနှင့် အနုပညာပစ္စည်းများ ပျက်စီးခဲ့မှုရှိခဲ့ရာမှ ယခုနောက်ပိုင်း စီမံကိန်းအမျိုးမျိုးကြောင့် မြေပေါ် မြေအောက် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးခဲ့ရသည့်အပြင် မူရင်းဒေသမျိုးရင်း မဟုတ်သော သစ်ပင်များစိုက်ပျိုးခြင်းကြောင့် ပူပြင်းခြောက်သွေ့သည့် ရာဦဥတုမှ ပူနွေးစို စွတ်သော ရာသီဥတု အသွင်သို့ ကူးပြောင်းလာကြောင်း ရှေးဟောင်း သုတေသနပညာရှင်များက ထောက်ပြထားသည်။
ပုဂံဒေသရှိ ရှေးဟောင်းယာဉ်ကျေးမှု အဆောက်အအုံများနှင့် အနုပညာလက်ရာများသည် ခေတ်အဆက်ဆက် အစိုးရများ၏ လုပ်ဆောင်မှုကြောင့် တဖြည်းဖြည်းပျောက်ကွယ်မှုများရှိလာရာ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာ သည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် သဗ္ဗညုဘုရား အထက်ပစ္စယံထိ ကွန်ကရစ်ခင်းခြင်း၊ ရွှေစည်းခုံဘုရားတွင် မူလရှေးဟောင်း သဲကျောက်များဖယ်ပြီး စကျင်ကျောက်များ အစားထိုးခင်းခြင်း၊ ရေမြောင်းများဖောက်ခြင်း၊ မြေတူးစက်ကြီးများအသုံးပြု၍ ရေကန်များဆည်ခြင်းအပြင် အခြားသော ရှေးဟောင်းယဉ်ကျေးမှုစံတန်ဖိုးများ ထိခိုက်ပျက်စီးစေသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
“mismanagement (စီမံခန့်ခွဲမှုအမှား)တွေ ဖြစ်ရင် ဥပဒေအရ အကာအကွယ်မရတော့ဘူး။ အခုတော့ မဖြစ်နိုင်သေးဘူး။ UNESCO က လက်ရှောင်နေတယ်။ နိုင်ငံတကာအစိုးရတွေရဲံ စစ်ကောင်စီကို မပတ်သက်ဘူးဆိုတဲ့ မူအရတော့ ပုဂံ ကိစ္စကို ကောင်းတယ်၊ ဆိုးတယ် မပြောဘူး။ ကမ္ဘာ့အမွေအနှစ်ပျက်မယ်၊ မပျက်ဘူးဆိုတာတော့ တပ်အပ်မပြောနိုင်ဘူး။ ကမ္ဘာ့အမွေအနှစ် ဖျက်သိမ်းခံရလောက်တဲ့ထိဖြစ်နေလားဆိုရင်တော့ ဖြစ်နေတယ်လို့ ပြောရမှာပေါ့ ” ဟု ကိုသူရအောင်က ဆိုသည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ခြောက်ရက်နေ့တွင် အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကုမြို့တွင် ကျင်းပသော ၄၃ကြိမ်မြောက် ယူနက်စကို(UNESCO) အစည်းအဝေးတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခုလုံးကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။
“သေချာမထိန်းနိုင်ရင် Authenticity (စစ်မှန်မှု) ပျက်စီးမယ်၊ ပြီးရင် OUV လို့ခေါ်တဲ့ Outstanding University Value (လူသားအားလုံးအသိအမှတ်ပြုနိုင်သော တန်ဖိုး)ကိုဆက်ပြီးထိခိုက်မယ်။ အဲ့ဒီလိုဆိုရင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေလို့ ဘယ်စံနှုန်းတွေနဲ့ သတ်မှတ်ရမလဲဆိုတဲ့အထိ ပျက်စီးသွားပါမယ်။ သေချာတာကတော့ ဘယ်လိုမှအစားပြန်မရနိုင်တဲ့ အရာတွေဆုံးရှုံးသွားပါလိမ့်မယ်” ဟု ရှေးဟောင်းသုတေသီတစ်ဦးက MPA ကို ပြောသည်။
ထို့ပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသနှင့် ပတ်သက်ပြီး ခိုင်မာသည့် မူဝါဒမရှိခြင်း၊ အစိုးရမှ ခိုင်းသည့် အတိုင်းလုပ်ဆောင်ပြီး လုပ်သင့် မလုပ်သင့် စဉ်းစားမှုမရှိခြင်းများသည့် ရှေးဟောင်းအမွေအနှစ်ဒေသများအတွက် ဆိုးရွားသော ကိစ္စတစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ပုဂံက အခုကို landscape (ရှုခင်း)က ပြောင်းသွားပြီ၊ အရင်နဲ့ မတူတော့ဘူး အခု အပင်တွေစိုက်တာတွေတာတွေကလည်း သူ့ရဲ့ အစစ်အမှန်ဖြစ်မှုတို့ ပကတိတန်ဖိုးတို့ကို ထိခိုက်စေနိုင်တယ်။ ပုဂံ Criteria သုံး ခုနဲ့ UNESCO ဝင်တဲ့အထဲမှာ Art and Architecture (အနုပညာနဲ့ ဗိသုကာလက်ရာ)ကလည်း OUV တန်ဖိုးရှိတယ်ဆိုပြီး သတ်မှတ်ထားတယ်။ အာ့ဒီ OUV က ပုဂံ က ဘုရားတဆူချင်းဆီမှာ ရှိနိုင်တယ်။ သဗ္ဗညု ဆိုရင် သူ့ရဲ့ ဗိသုကာက ထင်ရှားတယ် OUV တန်ဖိုးရှိတယ် အဲ့ဒါကို ပြုပြင်ပြောင်းလဲလိုက်ရင် ပုဂံရဲ တန်ဖိုးတစ်ခု ပဲ့ထွက်သွားပြီ” ဟု World Heritage Studies ဘွဲ့လွန်ကျောင်းသားတစ်ဦးက ဆိုသည်။
” ကျွန်တော်တို့က ပုဂံသားတွေပါ ပုဂံဘုရားတွေနဲ့ ဒီအမွေအနှစ်တွေဆိုတာ ကျတော်တို့ ဘိုးဘေးတွေ တည်ဆောက်ခဲ့ပြီး ခေတ်အဆက်ဆက် ကျတော်တို့ဘိုးဘေးတွေပဲ အဓိက ထိန်းသမ်းခဲ့ကြလို့ အခုလောက် တချို့လည်း အကောင်းအတိုင်းကျန်နေသေးတာလေ၊ ကျတော်တို့လက်ထက်မှာလည်း နောင်လာနောက်သားတွေအတွက် အကောင်းဆုံးမဟုတ်တောင်မှ ကျန်သလောက်လေး ထားရှိခဲ့ချင်ရုံလေးပါပဲ၊ နောက်တစ်ခုက နောင်မျိုးဆက်သစ်တွေ အတွက် ထိန်းသိမ်းရေးကိစ္စလေးတွေ လက်ဆင့်ကမ်းပေးချင်တယ်လေ ဒီလောက်ပါပဲ” ဟု ပုဂံဒေသ လူမှုကူညီကယ်ဆယ်ရေးအသင်းမှ ဦးကိုကို က MPA ကိုပြောသည်။
ပုဂံဒေသတွင် ၁၉၉၆ မှ ၂၀၁၆ ခုနှစ်အထိ အညာဒေသစိမ်းလန်းစိုပြေရေးစီမံကိန်းဖြင့် မြေဧက ၉၃၃၀.၁၄ ဧကတွင် အပင်စိုက်၍လည်းကောင်း၊ ၂၀၁၆မှ ၂၀၂၀ ထိတစ်နှစ်လျှင် အပင် ၆၀၀၀ခန့်စိုက်၍လည်းကောင်း၊ ၂၀၂၀ခုနှစ်တွင် ပုဂံဒေသစိမ်းလန်းစိုပြေရေးစီမံကိန်းဖြင့် ဒေသမျိုးရင်းမဟုတ်သော အပင်ပေါင်း ၃၀၀၀၀ စိုက်ပျိုးမှုများပြုလုပ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနပညာရှင် ဆရာဇေမျိုးလင်း၏မှတ်တမ်းများအရ သိရသည်။
ယင်းကဲ့သို့ အပင်များစိုက်ပျိုးမှုကြောင့် ပုဂံဒေသ၏ ပထဝီဝင်အနေအထားပြောင်းလဲလာပြီး ပုဂံ၏မြို့ပြရေသွင်း/ထုတ်စနစ်တွေယိုယွင်းလာခြင်း၊ Humidity ဟုခေါ်သော စိုထိုင်းစများလာပြီး အုတ်ဖြင့်ဆောက်သည့် အဆောက်အအုံများတွင် စိုထိုင်းစများလာကာ ဆွေးမြေ့အရှိန် မြန်သည်ထက်မြန်လာခြင်း၊ ရှေးဟောင်း အဆောက်အအုံများပေါ်၌ ရေညှိ၊ မှိုပေါက်လာခြင်းများ ဖြစ်ပေါ်လာစေသည်ဟု ရှေးဟောင်းသုတေသီများက ဆိုကြသည်။
ပုဂံဒေသတွင် ယခင်ကထက် မိုးရွာသွန်းမှုများပြားလာခဲ့သဖြင့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စီမံခန့်ခွဲမှုအစီအစဉ်များရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းပေးခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း ဘေးအန္တရာယ်ကြုံတွေ့လာချိန်တွင် ကြိုတင် ပြင်ဆင်မှုအပိုင်းနှင့် ဖြေရှင်းမှုအပိုင်းများတွင် အားနည်းနေဆဲဖြစ်သည်ဟု ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦးက သုံးသပ်ထားသည်။
ပုဂံဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်( (World Cultural Heritage)အဖြစ် ယူနက်စကိုသို့ တင်သွင်းစဉ်က ယဉ်ကျေးမှုအမွေအနှစ်အတွက် သတ်မှတ်ထားသည့် စံနှုန်း ခြောက်ချက်အနက်မှ Testimony (တည်ရှိနေဆဲဖြစ်သော သို့မဟုတ် ကွယ်ပျောက် သွားခဲ့သော ယဉ်ကျေးမှုဓလေ့ သို့မဟုတ် မြို့ပြယဉ်ကျေးမှုတစ်ခု၏ အတုမရှိမှု သို့မဟုတ် ပြယုဂ်တစ်ခု အနေဖြင့်ကျန်ရှိနေမှု)၊ Typology (လူ့သမိုင်းတွင် သိသာထင်ရှားရသောအဆင့်အတန်း (သို့မဟုတ်) ထိုထက်ပိုစွာဖော်ပြပေးသော အဆောက်အအုံပုံစံများ၊ ဗိသုကာလက်ရာ နည်းပညာဆိုင်ရာ အစိတ်အပိုင်းများ၊ ရေမြေဒေသများ)နှင့် Association (လူသားအားလုံး Association အသိအမှတ်ပြုလက်ခံနိုင်သော အရေးပါ ထင်ရှားမှုများ၊ ရှင်သန်နေဆဲ ထုံးဓလေ့များ၊ အတွေးအခေါ်များ၊ ယုံကြည်၊ အနုပညာ၊ စာပေ လက်ရာများ ဖြင့် ဆက်စပ်ဖြစ်ပျက်ခဲ့မှုများ) ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။