By Bala / MPA
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ ဘီလူးချောင်းနံဘေးရှိ အိမ်များ ရေလွှမ်းခံထားရပြီး ရေဆက်ကြီးနိုင်ခြေရှိကြောင်း ဒေသခံအချို့ထံကသိရသည်။
စက်တာဘာ ၁၂ရက်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းပြီး မိုးဗြဲဆည်ရေလျှံကျမှုကြောင့် လွိုင်ကော်မြို့ရှိ ဘီလူးချောင်းအနီးရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း လွိုင်ကော်မြို့နေ ဒေသခံတစ်ဦးထံက သိရသည်။
“ ဖုန်းလိုင်းတွေတော့ မသိဘူး။အင်တာနက်လိုင်းက ရေကြီးတဲ့နေရာတွေမှာ လုံးဝမရတော့ဘူး။ အကူအညီပေးတာတွေကတော့ ကြီးကြီးမားမားသိပ်မရှိသေးဘူး။ ဒေသခံအချင်းချင်းပဲကူနေရ တာပေါ့။နောက်တစ်ခုက လွိုင်ကော်မှာ စစ်တပ်ရှိတော့ ကရင်နီက CSOတွေနဲ့ အဖွဲ့အစည်းတွေက ကူပေးဖို့လက်လှမ်းမမီတာလည်းပါတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
ယနေ့(စက်တင်ဘာ၁၇ရက်)နံနက် ၁၀နာရီ ရရှိသည့်သတင်းအရ လွိုင်ကော်မြို့တွင်းရှိ ရွှေတောင်၊ ရှမ်းပိုင်၊ ဒေါနိုးကူး၊ ချိကယ်၊ ဒေါတမ၊ ရေနီကန်နှင့် သတ္တဗလူချောင်းနံဘေးရှိ နေအိမ်များ ရေလွှမ်း ခံထားရကြောင်း ကရင်နီအခြေစိုက် Karenni Hope တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အဲ့မှာတော့ ရေတွေကမကျသေးဘူး။ ဒီထက်တက်ဖို့ပဲရှိတယ်။ ရေဘေးအကူအညီတွေ လာတယ် လို့လည်း မကြားသေးဘူး။ ရေအရမ်းများတဲ့နေရာတွေကတော့ ဘီလူးချောင်းနဲ့ ကပ်လျက် ရပ်ကွက် တွေ၊မင်းစုနဲ့ မှုံပြာဘက်တွေပါ။ ဖုန်းလိုင်းကတော့ ရပါသေးတယ်။အင်တာနက်ပဲ ပြတ်နေတာ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လွိုင်ကော်မြို့တွင်းရှိ ဒေသခံအချို့သည် ရေဘေးလွတ်ရာ ကရင်နီပြည်နယ်ရှိ မြို့နယ်အချို့သို့ ရှောင်တိမ်းနေကြကြောင်း MPAက စုံစမ်းသိရသည်။