By Zwe Ko / MPA
ပဲခူးတိုင်း၊ ထန်းတစ်ပင်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများကို ကူညီမည့် ပရဟိတ အသင်းများအား စစ်ကောင်စီက သွားလာခွင့် ပိတ်ပင်ထာသည့်အတွက် ရေဘေးသင့်ပြည်သူများ ဒုက္ခရောက်နေကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁၃ရက်မှ စတင်ကာ ထန်းတစ်ပင်မြို့နယ်တွင် စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းဖြစ်ပြီး ရေဘေးသင့်ပြည်သူများကို သွားရောက်ကူညီမည့် ပရဟိတအသင်းများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ဖြတ်သန်းခွင့်မပြုကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“ကုန်းလမ်းကြောင်းက သွားတာ စစ်ဆေးရေးဂိတ်တွေက ပေးမဖြတ်ဘူး။ စက်လှေသမားတွေလည်းခေါ်တာ ဂိတ်ကပေးမဖြတ်လို့ဘယ်သူမှ မလာရဲကြဘူး။ ရေလမ်းကြောင်းက သွားလို့မရဘူး။ ရေစီးက အရမ်းသန်နေတာ၊ ရေဘေးသင့် ပြည်သူတွေလည်း တော်တော်ဒုက္ခရောက်နေတယ်လို့ ကြားတယ်”ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက ပရဟိတ အသင်များကို ကူညီကယ်ဆယ်ခွင့် ပိတ်ပင်ထားခြင်းကြောင့် ထန်းတစ်ပင်မြို့နယ်ရှိ ဆိတ်ကြီး၊ သရက်ပင်၊ မိုးမခ၊ အုန်းပင် စသည့် ကျေးရွာများမှ ပြည်သူများ အခက်အခဲများဖြစ်ပေါ်နေပြီး သေဆုံးမှုများပါ ကြုံတွေ့နေရကြောင်း မိုးမခကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ထမင်းတွေလည်းမစားရဘူး။ မီးတွေလည်းပျက်နေတယ်။ ကယ်ဆယ်ရေး အသင်းတွေလည်းမလာခိုင်ဘူး။ သောက်ရေ၊ သုံးရေက အစမရှိတော့ဘူး။ အိမ်တွေလည်းမြုပ်ကုန်ပြီ၊ မနေ့က(စက်တင်ဘာ ၁၃) ဆိတ်ကြီးရွာက သုံးနှစ်သမီးလေး ရေထဲပြုတ်ကျလို့ ဆုံးသွားတယ်”ဟု ၎င်းက ရှင်းပြသည်။
ထန်းတစ်ပင် မြို့နယ်သည် တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေဖြစ်သည့်အတွက် စစ်ကောင်စီက ပရဟိတ အသင်းများ ကူညီမှုကို ပိတ်ပင်ထားခြင်းဖြစ်ပြီး ဇီးကုန်း၊ ကြိမ်တော်မြှောင်၊ ပိန်ကျော်၊ ဂွေ့ကြီး၊ စမွှတ်၊ ငါးဆီးလှောင်၊ ဇလုပ်ကြီး၊ ဘွားအေစု၊ ကြက်လျှာစွန်း၊ ကြက်တက်အနောက်ရွာများသည် ရေကြီးရေလျှံမှုကို ဆိုးဆိုးရွားရွား ခံစားနေရကြောင်း ထန်းတစ်ပင်မြို့နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။
“သူတို့က(စစ်တပ်) မြို့ပတ်ဝန်ကျင်းလောက်ပဲ စိုးမိုးထားနိုင်တာ၊ ရွာတွေဘက်ကတော့ တော်လှန်ရေး တပ်ဖွဲ့တွေ စိုးမိုးထားတယ်။ တော်လှန်ရေး ရဲဘော်တွေလည်း ပြည်သူတွေကို လိုက်ပြီး ကယ်ထုတ်နေတယ်။ ပိတ်မိနေတဲ့ သူတွေလည်းရှိတယ်။ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေမှာတော့ လောလောဆယ်ထားထားတယ်”ဟု ၎င်းက ပြောသည်။
ထို့သို့ ရေးဘေးသင့်ပြည်သူများကို တော်လှန်ရေးရဲဘော်များက လိုက်လံကူညီပေးရာတွင် တော်လှန်ရေး ရဲဘော်တစ်ဦး အသက်ဆုံးရှုံးသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက စက်တင်ဘာ ၁၄ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
“နေပြည်တော် PDF တပ်ရင်း ၉၀၁က ရဲဘော် အီးဂဲလ်ကျဆုံးသွားတာပါ၊ စက်တင်ဘာ ၁၃ရက်နေ့က ဖြစ်တာပါ၊ ရေဘေးသင့်ပြည်သူ့တွေကို ကယ်ထုတ်နေရင်း ရဲဘော်နှစ်ယောက်ရေထဲပါသွားတာ၊ တစ်ယောက်ကတော့ အသက်ရှင်လျက် ပြန်ကယ်ဆယ်နိုင်ခဲ့တယ်”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ထို့ပြင် ပဲခူးတိုင်း၊ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်အများစုတွင် ရေကြီးရေလျှံမှုကို ကြုံတွေ့နေရပြီး ရေဘေးသင့်ပြည်သူ တစ်သိန်းခန့်ရှိကာ၊ ပိတ်မိနေသည့်ပြည်သူအများအပြားရှိပြီး ရေနစ်သေဆုံးခဲ့သူ သုံးဦးထက်မနည်းရှိကြောင်း သိရသည်။
၂၀၂၄ခုနှစ်အတွင်း တောင်ငူခရိုင်၌ ရေကြီးရေလျှံမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ယခုလအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုသည် အဆိုးရွားဆုံးဖြစ်ကာ ထိခိုက်ပျက်စီးမှု အများဆုံးလည်းဖြစ်သည်။
လက်ရှိ နိုင်ငံတစ်ဝန်း၊ မြို့နယ်ပေါင်း ၆၄ မြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ပြည်သူ ၇၄ ဦးသေဆုံးခဲ့ပြီး ၈၉ ဦးပျောက်ဆုံးနေကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၄ရက်တွင် ထုတ်ပြန်ထားသော်လည်း လွတ်လပ်သော မီဒီယာများတွင် ဖော်ပြထားမှုမှာ သေဆုံးသူ ၂၀၀နီးပါးရှိနေသည်။