By Bywar Oo / MPA
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီးနောက် ရန်ကုန်တိုင်းအတွင်း အရွယ်အစားပေါ်မူတည်ကာ ဂေါ်ဖီတစ်ထုပ် အနည်းဆုံး ကျပ် ၈၀၀၀ မှ အများဆုံး ကျပ် ၁၂၀၀၀ ထိ ပေါက်စျေးရှိနေကြောင်း ဟင်းသီးဟင်းရွက် ရောင်းချသူများနှင့် ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။
တောင်ပေါ်ဒေသ၌ အများဆုံးစိုက်ပျိုးသည့် ဂေါ်ဖီထုပ်သည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁၃ရက်မှ စတင်ကာ စျေးများ မြင့်တက်လာခြင်းဖြစ်ပြီး ဆက်လက်စျေးမြင့်တက်နိုင်သေးကြောင်း ကုန်သည်တချို့က မှတ်ချက်ပြုသည်။
“အရင်က ကုန်ကားတွေက ဝင်တာ ၊ အခုက ကိုယ်က ဒီကနေ သွားသယ်မှရတဲ့အခြေအနေ၊ အဲ့ဒီတော့ ဆီးဈေးတွေ ကလည်းတက်တော့ စရိတ်က အများကြီးကုန်တယ်။ ရေတွေကကြီး စိုက်ခင်းတွေက ပါကုန်တော့ ရှိတာကိုပဲ လိုက်ကောက်ရောင်းရတာပေါ့၊ အဲ့ဒီတော့ ဈေးတွေက တက်ကုန်တာ၊ ဒီမနက်တင် တစ်ထုပ်ကို ၁၂၀၀၀ ရောင်းတာ အခု နည်းနည်းနေမြင့်ပြီးဈေးကွဲလာတော့ ရှစ်ထောင်၊ တစ်သောင်းနဲ့ ပေးလိုက်တယ်” ဟု ရန်ကုန်တိုင်းရှိ ကုန်စိမ်းလက်ကားစျေးတစ်ခုဖြစ်သည့် သီရိမင်္ဂလာစျေးမှ ဂေါ်ဖီထုပ်ရောင်းချသည့် ကုန်သည်တစ်ဦးက ပြော သည်။
လွန်ခဲ့သည့် သုံးရက်အတွင်း ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်စျေးများ၌ ဂေါ်ဖီထုပ်စျေးသည် တစ်စိတ် ကျပ် ၂၀၀ ဝန်းကျင်သာရှိပြီး တစ်ထုပ်လုံး ကျပ် ၁၅၀၀မှ ၂၀၀၀ ဝန်းကျင်သာရှိကြောင်း စားသုံးသူတချို့ထံမှ သိရသည်။
“ ဒီမနက် အစိတ်သေးသေးလေး တစ်စိတ်ကို တစ်ထောင် တစ်ထုပ်လုံး ဘယ်လောက်လဲမေးတာ တချို့ဆိုင်က ရှစ်ထောင် တချို့ဆိုင်ကလည်း တစ်သောင်း အရွယ်အစားတော့ နည်းနည်းကွဲတာပေါ့၊ ကိုယ်တွေက အသုပ်ရောင် တာ ဆိုတော့ မသုံးမဖြစ် အနည်းအကျဉ်းပဲ ဝယ်သုံးရတာပေါ့၊ မကိုက်ဘူး နောက်ဆို ထည့်ပေးနိုင်မှာ မဟုတ်တော့ ဘူး” ဟု ကျောက်မြောင်းတွင် အသုပ်စုံဆိုင်ဖွင့်လှစ်ထားသည့် အမျိုးသမီးတစ်ဦး ကပြောသည်။
ထိုကဲ့သို့ ဂေါ်ဖီထုပ်စျေး အဆမတန်စျေးမြင့်တက်နေမှုကြောင့် အသုပ်ဆိုင်များနှင့် စားသောက်ဆိုင်များ အခက်ကြုံရသည့်အပြင် မိသားစုထမင်း၀ိုင်းတာဝန်ယူရသည့် အိမ်ထောင်ရှင်မများအနေဖြင့်လည်း အခက်အခဲများဖြစ်ပေါ်နေသည်။
“ ဂေါ်ဖိအစိတ်အသေးလေးတစ်စိတ်ကို တစ်ထောင်တဲ့လေ၊ သုပ်စားရင် တစ်ပွဲစာလောက်ပဲရတယ်။ ထမင်း၀ိုင်းမှာ အရွက်ကြော်ကြော်စားဖို့တောင် မလောက်ဘူး။ စစ်တွေကဖြစ်၊ သဘာ၀ဘေးတွေကဖြစ် အဘက်ဘက်က ကုန်စျေးနှုန်းတွေထိုးတက်နေတော့ အနေကျပ် အသေခက်တဲ့ အဖြစ်ကြီးလေ၊ ဂေါ်ဖီထုပ်နဲ့ ပေါက်လို့သေရင်တောင် သေပျော်သလို ဖြစ်နေပြီ ” ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ဂေါ်ဖီထုပ်သည် မြန်မာတစ်နိုင်ငံလုံး၌ ဒုတိယအများဆုံး စိုက်ပျိုးသည့် ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပြီး တစ်နှစ်ပတ်လုံး စျေးကွက်၌ တွေ့မြင်ရသည့် ကုန်စိမ်းတစ်ခုလည်းဖြစ်သည်။
ဂေါ်ဖီထုပ်များကို မြေပြန့်ဒေသတွင် စက်တင်ဘာနှင့် အောက်တိုဘာလများအတွင်း စိုက်ပျိုးပြီး တောင်ပေါ်ဒေသများ၌ မတ်လမှ အောက်တိုဘာလအတွင်း စိုက်ပျိုးကြောင်း တောင်သူများထံမှ စုံစမ်းသိရှိရသည်။
ယခုလ ဒုတိယပတ်မှ စတင်ကာ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုများအပြင် စိုက်ခင်းများ ရေနစ်မြုပ်မှုကြောင့် ဂေါ်ဖီစျေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းလည်းဖြစ်သည်။