By Ko Paing / MPA
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ တုံတံတားကျေးရွာရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက် မီးရှို့ရှင်းလင်းခဲ့ကြောင်းသိရသည်။
ယနေ့ (စက်တင်ဘာ၁၅ရက်) နံနက် ကိုးနာရီဝန်းကျင်တွင် ရွှေကျင်မြို့နယ်၊တုံတံတားကျေးရွာရှိ စစ်ကောင်စီစခန်းကို စီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သားများ သေဆုံးမှုနှင့် လက်နက်ခဲ ယမ်း သိမ်းဆည်းရရှိမှုအခြေအနေကိုမူ မသိသေးကြောင်း Spring Warriors Column မှ တပ်ရေးတာဝန်ခံ ရဲဘော်မှန်ကြီးထံက သိရသည်။
“တုံတံတားရွာ စစ်တပ်စခန်းကို စတိုက်တာကတော့ ကုန်းမြင့်သာစခန်း ရပြီးကတည်းက အဲ့တုံးတံတားဘက်ကို စတိုးနေတာပါ။စခန်းရရှိပါပြီ။မီးရှို့ဖျက်ဆီးနေပြီဆိုတာလောက်ပဲ ကျတော်တို့သိရပါသေးတယ်။ဖုန်းလိုင်း၊အင်တာနက်လိုင်း အခက်ခဲကြောင့် အတိအကျ ထုတ်ပြန်လို့ မရသေးပါဘူး” ဟု ၎င်းက MPAသို့ ပြောသည်။
ယင်းစခန်း တိုက်ခိုက်သိမ်းပိုက်နေစဥ်အတွင်း ခလရ-၆၄ တပ်မှ ဟောင်ဝှစ်ဇာများဖြင့် ပစ်ခတ်မှု ရှိသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းသိရသည်။
“ကျတော်တို့ ရဲဘော်တွေ ဘေးကင်းပါတယ်ခင်ဗျ။ကျနော်တို့ စစ်ကြောင်းအပြင်၊KNLA နဲ့ အခြားပူးပေါင်းအဖွဲ့တွေလည်းပါဝင်ပါတယ်” ဟု ရဲဘော်မှန်ကြီး က ဆက်လက်ပြောသည်။
သြဂုတ် ၃၁ ရက်တွင် ရွှေကျင်မြို့နယ်၊ကုန်းမြင့်သာယာ ရှေ့တန်းစခန်းကို Spring Warriors Column၊KNLA နှင့်မဟာမိတ်တပ်ရင်း၊တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တုံတံကျေးရွာစစ်ကောင်စီစခန်းအား ဆက်လက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကုန်းမြင့်သာယာ ရှေ့တန်းစခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ခဲယမ်းအမြောက်အမြားနှင့်ဆန်အိတ်ပေါင်း ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ် အရာရှိ တစ်ဦးအပါအဝင် တပ်သား ငါးဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။