By Wadi / MPA
ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ထိုင်းနှင့် အင်္ဂလိပ် ဘာသာစကားသင်တန်းရောက်နေကြသော သင်တန်းသားများ၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းမတိုးပေးတော့သဖြင့် မြန်မာများ အခက်အခဲကြုံတွေ့နေကြ သည်။
ယခင်က နိုင်ငံကူး လက်မှတ်သက်တမ်းကုန်ဆုံးသော မြန်မာကျောင်းသားကျောင်းသူများကို Passport for Education (PE) လဲလှယ်ခြင်းအား ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ချင်းမြိုင်မြို့ရှိ မြန်မာကောင်စစ်ဝန် ချုပ်ရုံး၌ နေ့ချင်းပြီး ဆောင်ရွက်ပေးသည်။
လက်ရှိတွင် ကာလတို ထိုင်းနှင့် အင်္ဂလိပ်ဘာသာစကားသင်တန်းများအား Non-ED ဗီဇာရယူ၍ Virtual Format ပုံစံဖြင့် တက်ရောက် နေသူများ အလွန်များပြားသောကြောင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁၆ရက်မှ စတင်ကာ PE type နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးတော့မည်မဟုတ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံ ထိုင်းနိုင်ငံဆိုင်ရာ-မြန်မာသံရုံးက အထက်ပါအတိုင်း ပြုလုပ်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံတွင် ဘာသာစကားသင်တန်းတက်ရောက်နေကြသော နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံး တော့မည့် မြန်မာနိုင်ငံသားများအနေဖြင့် ဆက်လက်နေထိုင်ရန် အခက်အခဲများစွာ ဖြစ်ပေါ် နေကြောင်း သိရသည်။
“ထိုင်းသံရုံးရဲ့ ထုတ်ပြန်ချက်က ထိုင်းရောက်နေတဲ့ မြန်မာတွေကို ပြောင်ပြောင်တင်းတင်းဖိနှိပ်တာလို့ မြင်တယ်။ မြန်မာသံရုံးဆိုတာ Passport သက်တမ်းတိုးပေးဖို့ တာဝန်ရှိတယ်။ မြန်မာနိုင်ငံပြန်ပြီး သက်တမ်း တိုးရ မယ်ဆိုတာ အဓိပ္ပာယ်မှ မရှိတာ၊ မြန်မာနိုင်ငံ ပြန်ဝင်ပြီး သက်တမ်းတိုးရင် ဘယ်တော့ရမှာလဲဆိုတာလည်း မသေချာဘူး” ဟု ထိုင်းရောက် မြန်မာနိုင်ငံသား ကိုမျိုးမင်းစိုးက MPA သို့ ပြောသည်။
ထို့ပြင်၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်က စစ်ကောင်စီ ပြဌာန်းထားသည့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် မြန်မာနိုင်ငံသို့ ပြန်၍ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် အခက်အခဲရှိ နေသည်ဟု ချင်းမိုင်တက္ကသိုလ်တွင် ဘာသာစကားသင်တန်းတက်ရောက်နေသော ကိုမိုးအောင်က စက်တင်ဘာ ၁၄ရက်၊ နံနက်ပိုင်းတွင် ပြောသည်။
“ကျတော့် Passport က သက်တမ်း ခုနှစ်လပဲ ကျန်တော့တယ်။ မြန်မာသံရုံးက Non- ED ဗီဇာနဲ့ နေတဲ့သူတွေကို သက်တမ်းမတိုးပေးတော့ဘူးဆိုတော့ သက်တမ်းတိုးဖို့အတွက် အခက်အခဲဖြစ်တာပေါ့၊ မြန်မာပြည်ပြန်ပြီး သက်တမ်းတိုးရမဲ့သဘောဖြစ်နေတယ်။ စစ်မှုထမ်းဥပဒေကလည်း ရှိနေတော့ မပြန်ချင်ဘူး။ ဒီမှာ ဘာသာ စကားသင်တန်းတက်ပြီး နေတဲ့ Passport သက်တမ်းကုန်တော့မယ့် မြန်မာတွေ အခက်အခဲဖြစ်နေကြပြီ” ဟု ကိုမိုးအောင်က ပြောသည်။
အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများ၊ ဥပဒေမဲ့ ဖမ်းဆီးမှုများကြောင့် မြန်မာနိုင်ငံသားအချို့သည် ၂၀၂၁ခုနှစ်၊ နှစ်လယ်ပိုင်းမှစတင်ကာ ထိုင်းနိုင်ငံ၌ ဘာသာစကားသင်တန်းများတက်ရောက်ရန် ရောက်ရှိလာသူများအပြင် စစ်မှုထမ်း ဥပဒေ အသက်ဝင်ပြီးနောက် ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ရောက်ရှိလာသူများ ပိုမို များပြားလျက်ရှိသည်။
စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း စစ်မှုထမ်းခြင်းကို တိမ်းရှောင်လိုသဖြင့် မြန်မာလူငယ်အများ အပြားသည် လက်ရှိတွင် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များ၌ ဘာသာစကားသင်တန်းတက်ရောက်၍ နေထိုင် လျက်ရှိသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးသည် ကာလတို ဘာသာစကားသင်တန်းတက်ရောက် နေထိုင်သူများ၏ နိုင်ငံကူးလက်မှတ်များကို သက်တမ်းမတိုးပေးကြောင်း ထုတ်ပြန်ထားသော်လည်း ဘွဲ့ကြို၊ ဘွဲလွန်တို့ကို ကာလရှည် တက်ရောက်နေသူများကို သက်တမ်းတိုးပေးမည်ဟု ထုတ်ပြန်ထားသည်။
ထို့အပြင် Primary နှင့် Secondary တက်ရောက်နေကြသော ထိုင်းရောက် မြန်မာကျောင်းသား၊ ကျောင်းသူ များကို Passport for Education (PE) လဲလှယ်ခြင်းကို ယခင်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။