By Ko Paing / MPA
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်အတွင်း ရိက္ခာသယ်ပြီး ပြန်လာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား လေးဦးသေဆုံးပြီး နှစ်ဦးပြင်းထန်းဒဏ်ရာရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်နှစ် စစ်ဒေသခွဲ က သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၁၃ ရက်၊နံနက် ခြောက်နာရီခွဲကျော်တွင် ပေါင်းတည်မြို့နယ်၊ ပျံချီတက်ကျေးရွာမှ သစ်ပုတ်အထိုင်စခန်းသို့ ရိက္ခာသယ်ပြီး ပြန်လာသည့် အင်အား ၇၀ ဝန်းကျင်ရှိစစ်ကြောင်းကို ပြည်ခရိုင် ၃၆၀၁တပ်ရင်း၊တပ်ခွဲတစ် PPDF က မိုင်းရှစ်လုံးဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သစ်ပုတ်အထိုင်စခန်းကနေ ပျံချီတက်ရွာကို ရိက္ခာသွားသယ်ပြီး အပြန်မှာ မိုင်းကွင်း လေးကွင်းကို နှစ်ကြိမ်ဆွဲတိုက်ခိုက်ခဲ့တာပါ။ မိုင်းက ရှစ်လုံးစလုံးကွဲတယ်။သူတို့ဒဏ်ရာရသေဆုံးပြီး လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ရမ်းပစ်တော့တာပဲ။ နေ့လယ်၁၂လောက်မှာ ပုခက်တွေနဲ့ အလောင်းတွေရော ၊ဒဏ်ရာရတွေရော သစ်ပုတ်ကို ထမ်းသွားကြတာ။ပေါင်းတည်တော့ မပို့သေးဘူး” ဟု PPDF တပ်ရင်း မှ စစ်ထောက်လှမ်ရေးနှင့်သတင်းပြန်ကြား တာဝန်ခံက MPAသို့ ပြောသည်။
သစ်ပုတ်အထိုင်စခန်းက စစ်သားများသည် စက်တင်ဘာ၁၃ရက် ညကရော၊ယနေ့(စက်တင်ဘာ၁၄ ရက်)နံနက်တွင်ပါ လှုပ်ရှားမှုမရှိဘဲ ငြိမ်နေကြောင်း သိရသည်။
“လတ်တလောမှာ တစ်နိုင်ငံလုံး ရေဘေးဒုက္ခတွေရောက်နေတယ်။ဒီအခြေအနေမှာ ပြည်သူလူထု လည်း အရမ်းခက်ခဲနေတယ်။စစ်ကောင်စီက လူနာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသလိုပဲ အခွင့်ကောင်းယူပြီး အင်အားတိုးချဲ့တာတွေ၊PDF စိုးမိုးနယ်မြေတွေကို ချဥ်းကပ်တာတွေကို တောက်လျှောက်လုပ်လာတာတွေ့ရတယ်။ကျတော်တို့အနေနဲ့ တန်ပြန်ထိုးစစ်လုပ်ဖို့ ပြင်ဆင်ရတာတွေရှိပါတယ်” ဟု တောင်ပိုင်းစစ်ဒေသ၊အမှတ်နှစ်စစ်ဒေသခွဲ၏ ပြန်ကြားရေးတာဝန်ခံ စောဒိုးရှင်း ကပြောသည်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုရှိသော်လည်းPDFရဲဘော်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။