By Ko Paing / MPA
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၁၄လမ်းဆုံရှိ စစ်ကောင်စီဘန်ကာကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား သုံးဦးဒဏ်ရာရရှိကြောင်း GOD’S HAND FORCES (GHF)က သတင်းထုတ်ပြန်သည်။
ယနေ့ (စက်တင်ဘာ၁၄ရက်) နံနက် ခုနှစ်နာရီကျော်က ရွှေပြည်သာမြို့နယ်၊၁၄လမ်းဆုံရှိ စစ်ကောင်စီဘန်ကာ၌ စစ်သားများ တာဝန်ချိန်းနေချိန်တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“အဓိကတော့ သူတို့ ကင်းလာလဲချိန်မှာ အချိန်ကိုက်လုပ်လိုက်တာပါ။အဲ့ ဘန်ကာမှာ သူတို့က မနက်တိုင်း ကင်းလာ၊ လာလဲတယ်။ကြိုပြီးတော့ ချတဲ့မိုင်းပါ။ အဝေးထိန်းမိုင်းပဲ ပြောရမှာပေါ့။ Double အတွဲပါဗျ။ပစ်တဲ့ခတ်တဲ့အသံတော့ မကြားမိဘူး။ကျတော်တို့လည်း နောက်ဆက်တွဲ သတင်းကို အကြာကြီးစောင့်မကြည့်နိုင်ခဲ့ပါဘူး။ အန္တရာယ်ကင်းကင်းပြန်ဆုတ် လာနိုင်ခဲ့ပါတယ်”ဟု GOD’S HAND FORCES(GHF) တာဝန်ခံ ဆရာကျောင်းက MPAသို့ ပြောသည်။
မိုင်းပေါက်ကွဲပြီးနောက် ၁၄လမ်းဆုံ၌ လမ်းသွားလမ်းလာ ကားများကို စစ်ဆေးမှုများပြုလုပ်ခဲ့ ကြောင်းသိရသည်။
ယခုတိုက်ခိုက်မှုသည် M043 စစ်ဆင်ရေး၏ ဆဌမမြောက် ဖော်ဆောင်မှုဖြစ်ပြီး သြဂုတ်၂၄ ရက်ကလည်း အင်းစိန်မြို့နယ်၊စော်ဘွားကြီးကုန်း မီးပွိုင့်အနီး ပြည်လမ်းမပေါ်တွင် ဂိတ်ချ ငွေတောင်းရမ်းနေသော ယဥ်ထိန်းရဲများကို ဖောက်ခွဲတိုက်ခိုက်ခဲ့သေးကြောင်း GOD’S HAND FORCES (GHF) က ထုတ်ပြန်ထားသေးသည်။
စစ်သားများ ဒဏ်ရာရမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။