By Maung Dagon / MPA
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ငမိုးရိပ်ရေလှောင်တမံ ဖောက်ချမည်ဟု သတင်းအမှားများ ပျံ့နှံ့နေ၍ ရန်ကုန်မြို့ခံများ စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာ ည ကိုးနာရီခန့်မှစတင်ကာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအနီးရှိ ငမိုးရိမ်ရေလှောင်တမံအား ဖောက်ချမည်ဟုဆိုသည့် သတင်းများ ပျံ့နှံ့လာခြင်းလည်းဖြစ်သည်။
” ဒီည တစ်နာရီ ဖောက်ချမယ်လို့ ကြားနေလို့ ပစ္စည်းတွေ သိမ်းနေတယ်။ ဘယ်ကနေ ဘယ်လိုကြားလာလဲမသိဘူး။ ရပ်ကွက်ထဲမှာ ဆူဆူညံညံတွေဖြစ်ကုန်တယ်။ ပြန်မေးကြည့်တော့လဲ တစ်ယောက်မှ အတည်မပြုပေးနိုင်ဘူး ” ဟု တောင်ဥက္ကပမြို့နယ်၌ နေထိုင်သူ တစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ငမိုးရိပ်ရေလှောင်တမံ ဖောက်ချမည်ဟု သတင်းများထွက်ပေါ်ခြင်းမှာ စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များထံမှ တဆင့်ကြားရခြင်းဖြစ်သော်လည်း တိကျသေချာသည့် အချက်အလက်များ ရရှိခြင်းမရှိကြောင်း လှည်းကူးမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
” ညီမတို့ ငမိုးရိပ်ဆည်နားမှာနေတာပါ၊ လိုက်အော်သံ မကြားပါဘူး။ စစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိ သတင်းဖွတဲ့ ပုံစံမျိုးဖြစ်နေတယ် ” ဟု လှည်းကူးမြို့နယ်၌ နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် လှည်းကူးမြို့နယ်တွင်း သတင်းများကို တင်ဆက်ပေးနေသော Hlegu Hlumu Platform က ငမိုးရိပ်ရေလှောင်တမံ တာ၀န်ခံတစ်ဦးထံ ဆက်သွယ်ရာ ဆည်ဖောက်ချမည် ဆိုသည်မှာ မဟုတ်ဟု အတည်ပြုထားကြောင်း သိရသည်။
“ ငမိုးရိပ်ဆည် ယခုညဖောက်ချမည်ဟူသော သတင်းပျံ့နှံ့နေမှုကို လှည်းကူး ငမိုးရိပ်ဆည်ဘက်မှ တာဝန်ရှိသူတစ်ဦးက “သတင်းမမှန်ကန်ပါ၊ မဟုတ်ပါ” ဟု ငြင်းဆိုသည်။” ဟု အဆိုပါ သတင်းကွန်ယက်၌ ဖော်ပြထားသည်။
ငမိုးရိမ်ရေလှောင်တမံ သတင်းအချက်အလက်များ တင်ပေးသည့် Ngamoe Yeik ID Facebook Page တွင်မူ လွန်ခဲ့သည့် ၁၄ နာရီခန့်က ငမိုးရိပ် ရေပိုလွှဲမှ ရေ နှစ်ပေနှင့် မဟူရာရေပိုလွှဲမှ ရေ ၀ ဒဿမ ၈ ပေကျော်နေသည်ဟု တင်ရှိထားသည်။
ထိုကဲ့သို့ သတင်းများ ပျံ့နေခြင်းကြောင့် ရန်ကုန်တိုင်းအတွင်း မြစ်၊ ချောင်း အနီးနှင့် မြေနိမ့်ပိုင်းများ၌ နေထိုင်သည့် ဒေသခံများ စိုးရိမ်လျက်ရှိသည်။