By Ra Wai / MPA
မကွေးတိုင်း၊ မြိုင်မြို့စောင့်ဂိတ် ပြင်ရန်လာသည့် စစ်သားများကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့ကြောင်း မြိုင်ပကဖ ကသတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၁၂ရက်၊ မွန်းလွဲ နှစ်နာရီခွဲခန့်တွင် မြိုင်-ရေစကြိုလမ်းပိုင်းရှိ မြိုင်မြို့စောင့်ဂိတ်ကို ပြင်ရန်လာသည့် စစ်သား ၂၀ခန့်အား ဂိတ်နှင့် မီတာ ၁၀၀အကွာမှနေ၍ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ ဆေးရုံထဲကနေ မြိုင်-ရေစကြိုလမ်းပိုင်းက မြို့အဝင်ကိုစောင့်တဲ့ ဘန်ကာတွေကို ဟိုနေ့က ဝင်တိုက်တော့ ပျက်စီးသွားတဲ့ ဘန်ကာတွေကို ပြန်လာပြင်တာ။ တိုက်ပွဲက မိနစ်၄၀လောက်ကြာတယ်။ သူတို့ဘက်က ပြန်မပစ်နိုင်ဘူး” ဟု မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် စစ်သားအလောင်းကို ချက်ချင်းမကောက်ယူနိုင်ဘဲ မြို့ထဲမှ လက်နက်ကြီးပစ်ကူပေးသည့်အခါမှ ကောက်ယူနိုင်ကြောင်း သိရသည်။
“ သေဆုံးသွားတဲ့ အလောင်းကို ချက်ချင်းမကောက်ယူဘူး။ ၄၀(မမ)တွေ၊ ၆၀(မမ)တွေ ၈၀(မမ)တွေနဲ့ မြို့ပတ်ဝန်းကျင်ကို ပတ်ပစ်ပြီးမှ ကောက်သွားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စက်တင်ဘာ ၁၀ရက်နေ့က ယင်းဂိတ်ကို လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ရာ သုံးထပ်တိုက်အမိုးပွင့်သွားပြီး၊ ဘန်ကာတစ်ခုပျက်စီးကာ စစ်သားတစ်ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖက ထုတ်ပြန်ထားသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။