By Bala / MPA
ကရင်နီပြည်နယ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဆေးသင်တန်းသား ၁၈ဦး ချောင်း ဖြတ်ကူးစဉ် ရေ ထဲမျောပါ သေဆုံးသွားကြောင်း သိရသည်။
KNDF ဆေးဌာနက ဖွင့်လှစ်သော ဆေးသင်တန်းမှ သင်တန်းသား ၁၈ဦးတို့သည် စက်တင်ဘာ ၁၁ရက်၊ညနေပိုင်းက သင်ခန်းစာမစ်ရှင်လေ့ကျင့်စဉ် ချောင်းတစ်ခုသို့ဖြတ်ကျော်ရန် ကြိုးစားအားထုတ်ရင်း မတော်တဆမှုဖြစ်ပွားကာ ရေထဲသို့မျောပါဆုံးရှုံးခဲ့ရကြောင်း KNDF ဗဟိုကော်မတီက ယနေ့ (စက်တင်ဘာ၁၃ရက်)သတင်းထုတ်ပြန်သည်။
“ ဆေးသင်တန်းသားတွေပေါ့။ချောင်းကို ဖြတ်ရင်း ဟန်ချက်ပျက်ပြီး ရေစီးနဲ့မျောသွားတဲ့ ဆေးသင်တန်းသားတွေကို အချင်းချင်းလိုက်ဆွဲရင်း ၁၈ဦးလုံးပါသွားတာပေါ့။ လွတ်မြောက်သွားတဲ့သင်တန်းသားတွေရှိပါတယ်။တစ်ဖွဲ့လုံးရေစီးထဲပါသွားတာမျိုး မဟုတ်ပါဘူး” ဟု သေဆုံးရဲဘော်များနှင့် နီးစပ်သူတစ်ဦးက MPAသို့ ပြောသည်။
ချောင်းတစ်ခုကို ဖြတ်သန်းစဉ် ရေစီးနှင့် မျောပါသွားသည့် ရဲဘော်တစ်ဦးအား ကယ်ဆယ်ရာမှ ဆေးသင်တန်းသား ၁၈ဦးတိတိ မျောပါသွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဗဟိုအနေဖြင့် ဆေးသင်တန်းသား ၁၈ဦးသေဆုံးခဲ့ရသည့် မတော်တဆဖြစ်စဉ်အပေါ်စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
KNDFသည် ကရင်နီပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ဆေးကုသမှု လိုအပ်ချက်နှင့်လူ့စွမ်းအားအရင်းအမြစ် ပိုမိုတိုးတက်ကောင်းမွန်ရန် ရည်ရွယ်ကာ ဆေးသင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။