By Nway / MPA
ပုသိမ် – မုံရွာလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီးနောက် ပြည်သူ ၂၃ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။
စက်တင်ဘာ ၁၁ရက်၊ မွန်းလွဲ လေးနာရီခန့်တွင် ဆားလင်းကြီးမြို့နယ်၊ မကျည်းတစ်ထောင် ကျေးရွာနှင့် ပုသိမ် – မုံရွာကားလမ်းဘေးရှိ ပြည်သူ စုစုပေါင်း ၂၃ ဦးကို မိုင်းဆွဲခံရသည့်တပ်က အမှတ် ၂၈ ရဲတပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းမာပင်မြို့နယ် တိုက်နယ်နှစ် ပကဖထံက သိရသည်။
“ ကျတော်တို့ မိုင်းဆွဲတိုက်ခိုက်ပြီးတဲ့နောက်မှာ ပြည်သူတွေကိုဖမ်းသွားတာပါ။ ဘုတလင်ဘက်ကနေ မြေပဲနှုတ်ပြီးပြန်လာတဲ့ မကျည်းတစ်ထောင်ရွာက ပြည်သူ ၁၃ဦးရယ်၊ ကားလမ်းဘေးမှာနေတဲ့ ပြည်သူ ၁၀ဦးရယ် ဖမ်းသွားတာပါ။ အမျိုးသားရော၊ အမျိုးသမီးတွေရောပါ” ဟုယင်းမာပင်မြို့နယ် တိုက်နယ်နှစ် ပကဖ၊ ဒုတာဝန်ခံ ဗိုလ်စင်္ကြာက MPA ကို ပြောသည်။
ယင်းပြည်သူများကို အမှတ် ၂၈ ရဲတပ်ရင်းထဲတွင် ရိုက်နှက်စစ်ဆေးနေပြီးယနေ့ ( စက်တင်ဘာ ၁၃ရက် ) မွန်းလွဲ နှစ်နာရီခန့်အထိ ပြန်မလွှတ်သေးကြောင်း သိရသည်။
စက်တင်ဘာ၁၁ရက်၊ မွန်းလွဲ နှစ်နာရီခွဲခန့်က ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီနှင့် ယမ်စီကုမ္ပဏီတို့အတွက် ဆာလဖျူရစ်အက်စစ်ပို့ဆောင်မည့် ကွန်တိန်နာကားများအတွက် လုံခြုံရေးပေးရန် ခြေလျင်ထွက်လာသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ဗိုလ်တစ်ဦးသေဆုံးကာ စစ်သား ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင်မြို့နယ် တိုက်နယ်နှစ် ပကဖက သတင်းထုတ်ပြန်ထားသည်။
ဒဏ်ရာရ စစ်သား ငါးဦးအနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။