By Mandy / MPA
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းသည် ကျေးရွာ ၁၃ရွာကို မီးရှို့ခဲ့မှုကြောင့် နေအိမ် ၄၀၀ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေရကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ဒေသခံကာကွယ်ရေးတပ်များသည် ခင်ဦးမြို့နယ်မြောက်ခြမ်းရှိ မဒေါင်းလှပျူရွာကို ဩဂုတ် ၁၈ ရက်နှင့် ၁၉ရက်တွင် တစ်ကြိမ် ဩဂုတ် ၃၁ရက်တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများပြန်လည် ပြုလုပ်ခဲ့သည်။
ထို့နောက် ကန့်ဘလူမြို့ ယမနေရွာရှိ ပျူစောထီးများနှင့် သကြားစက်မှ စစ်ကောင်စီတပ်သား စုစုပေါင်း ၁၇၀ ခန့်သည် ခင်ဦးမြို့သို့ စစ်ကူရောက်ရှိလာပြီး ကန့်ဘလူမြို့နယ်နှင့် ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို မီးရှို့ခဲ့ခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်းဖြစ်သည်။
“မဒေါင်းလှပျူရွာကနေ ထွက်လာလိုက် မီးရှို့ပြီး ပြန်ဝင်သွားလိုက် လုပ်နေတယ်။ အခုလက်ရှိ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခြင်းမရှိတော့ဘဲ ကျေးရွာတွေကို စီးနင်းဝင်ရောက် အကြောင်းမဲ့မီးရှို့နေကြတယ်။ ၁၃ရွာရှိသွားပါပြီ” ဟု ရေဦးမြို့နယ်အခြေပြု People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က MPA ကို ပြောသည်။
လက်ရှိ ခင်ဦးမြို့နယ်မြောက်ခြမ်းရှိ ပြည်သူများသည် မဒေါင်းလှပျူစောထီးရွာကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်စဉ် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုအပြင် မြေပြင်စစ်ကြောင်းပါ ထိုးနေခြင်းကြောင့် စစ်ရှောင်နေရသည် မှာ တစ်လနီးပါးဖြစ်ပြီး၊ မိုးစပါးများပင် စိုက်ပျိုး၍မရကြောင်း ၎င်းက ဆိုသည်။
” စစ်ရှောင်တွေ အဓိကလိုအပ်နေတာ နေစရာ၊ စားစရာပေါ့ဗျာ၊ မိုးရာသီဆိုတော့ တော်တော်ကို အဆင်မပြေကြဘူး။ စစ်ရှောင်တွေရဲ့ လက်ရှိ စားဝတ်နေရေးက လူသားစာနာ ထောက်ပံ့တာကိုပဲ မှီခိုနေရတာဆိုတော့ အများကြီးလိုအပ်ချက်ရှိတယ် “ ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများသည် စစ်ဘေးလွတ်မည်ဟု ထင်ရသော ဘုန်ကြီးကျောင်းများနှင့် တောတောင်များတွင် ဖြစ်သလို နေထိုင်နေရပြီး သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးငယ်များပါ ပါရှိနေခြင်းကြောင်း ၎င်းတို့၏ ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်း ဒေသခံများက ဆိုသည်။
ဩဂုတ်လအတွင်း ခင်ဦးမြို့နယ်ရှိ မဒေါင်းလှပျူရွာကို တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ရာ၌ စစ်ကောင်စီ ဘက်က အရာရှိတစ်ဦးအပါအဝင် ၃၀ကျော်သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ရှစ်ဦး ကျုဆံးခဲ့သည်။
ယင်းအပြင် စက်တင်ဘာ ၁၀ရက်ကလည်း မဒေါင်းကြီးရွာအနီးသို့ စုံစမ်းရန်သွားရောက်သည့် ကာကွယ်ရေးရဲဘော်သုံးဦး စစ်တပ်နှင့် ထိပ်တိုက်တိုးကာ သေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
ခင်ဦးမြို့နယ်တွင် ဩဂုတ်လ ၃၁ရက်နေ့မှ ယနေ့အချိန်ထိ မီးရှို့ခံရသော ကျေးရွာ ၁၃ရွာထိ ရှိပြီး အဆိုပါ ကျေးရွာများမှာ ငကြိုင်း၊ အင်ကြင်းပင်၊ ပေါက်တော၊ စောကြီး၊ သနပ်စိန်၊ တဲကြီး၊ ဖန်းခါးကုန်း၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့၊ စည်ပုတ္တရာရွာတို့ဖြစ်သည်။
လက်ရှိ စစ်ကောင်စီသည် ခင်ဦးမြို့နယ်အတွင်း မြေပြင်စစ်ကြောင်းထိုးမှုများပြုလုပ်နေပြီး လေကြောင်းမှ လည်း မကြာခဏ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေခြင်းကြောင့် စာသင်ကျောင်းများ ပိတ်ထားရကာ၊ အရပ်သားပြည်သူများ ထိခိုက်၊ သေဆုံးမှုများရှိနေသည်။