By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ အကျဉ်းဦးစီးရုံးကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၁၁ရက်၊ နံနက် ၁၀နာရီ ၄၅မိနစ်ခန့်က ရွှေဘိုမြို့၊ အကျဉ်းဦးစီးရုံး တန်းစီကွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တန်းစီနေချိန် ဒရုန်းဖြင့်ဗုံးသီး နှစ်လုံးကြဲချခဲ့ရာ စစ်သားနှစ်ဦးနှင့် ရဲတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသား LPDFတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“ တော်တော်ပြင်းပြင်းထန်ထန်လေး ဒဏ်ရာရတယ်ကြားတယ်။ အသက်သေ။မသေတော့ မသိရသေးဘူး။ တန်းစီးကွင်းဆိုတော့ ထိခိုက်ပျက်စီးမှုတော့ ဘာမှမရှိဘူး” ဟု နယ်စည်းမခြားရွှေဘိုသား LPDFတပ်ဖွဲ့တာဝန်ခံ၊ ဗိုလ်မိုက်ခဲက MPA သို့ပြောသည်။
ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် အကျဉ်းဦးစီးဌာနအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ လက်နက်ကြီး၊ လက်နက်ငယ်ပြန်ပစ်တယ်။ ရမ်းသန်းပစ်ခတ်တာတွေပေါ့” ဟု ၎င်းကဆက် လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို နယ်စည်းမခြားရွှေဘိုသား LPDFတပ်ဖွဲ့နှင့် ရွှေဘိုတာနောယက္ခ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းသိရသည်။
စစ်သားနှင့်ရဲထိခိုက်မှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။