By Garcia Ni / MPA
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တင်ဘက်ပျူစောထီးကျေးရွာမှ ပျူစောထီးတစ်ဦးသည် သေနတ် နှစ်လက်နှင့်အတူ တော်လှန်ရေးအင်အားစုများထံ အလင်းဝင်သွားသူကို ပြန်ခေါ်မရသဖြင့် ရွာတွင် ကျန်ရစ်ခဲ့သည့် ၎င်း၏ မိဘများအား စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက သတ်ဖြတ်လိုက်ကြောင်း ဒေသခံခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
တင်ဘက်ရွာမှ အသက် ၁၆နှစ်အရွယ် မောင်ညီညီလင်းဆိုသူသည် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့အတွင်းသို့ အဓမ္မထည့်သွင်းခံရသဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၁၀ရက်၌ သေနတ်နှစ်လက်ယူဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်ရောက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၁ရက်တွင် ၎င်း၏ မိဘများကို ပျူစောထီးအဖွဲ့က သတ် ဖြတ်လိုက်ခြင်းဖြစ်သည်။
“ တင်ဘက်ပျူစောထီးခေါင်းဆောင်တွေက ထွက်ပြေးသွားတဲ့ကလေးကိုပြန်ခေါ်ဖို့ မိဘတွေကိုဖုန်းဆက်ခိုင်းတယ်ဗျ၊ ကလေးကပြန်မလာတော့ဘူးဆိုတော့ မိဘတွေကိုဖမ်းပြီး (တင်ဘက်)တစ်ရွာလုံးကလူတွေကို တစ်အိမ်တစ်ယောက်မလာမနေရခေါ်ပြီး ကြည့်ခိုင်းပြီးတော့မှ ပစ်သတ်တာလို့ပြောတယ်။ ပြီးတော့ ရွာဘေးက အလောင်းတော်ကဿဖချောင်းထဲကို အလောင်းတွေကို ပစ်ချလိုက်တာလို့သိရတယ်” ဟု တင်ဘက်ပျူစောထီးရွာမှ ဒေသခံများနှင့် အဆက်အသွယ်ရှိသည့်သတင်းရင်းမြစ်က MPAကိုပြောသည်။
စစ်ကောင်စီ လက်အောက်ခံ ပျူစောထီများ၏ သတ်ဖြတ်ခြင်းခံခဲ့ရသူများသည် တင်ဘက်ရွာ ဒေသခံ အသက် ၄၀ကျော် ဦးနှင်းလှိုင်နှင့် ခေါ်မိုင်မာအေးတို့ဖြစ်သည်။
ထိုကဲ့သို့ မောင်ညီညီလင်း၏ မိဘများ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်ကို သိရှိရပြီးနောက် ချောင်းအောက်ပိုင်းရှိ ကျေးရွာမှ တာဝန်ရှိသူများအနေဖြင့် အလောင်းပြန်လည်ရရှိရန် ရှာဖွေမှုများပြုလုပ်လျက်ရှိကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။
“ ချောင်းအောက်ဘက်ဆိုရင် ကျတော်တို့ဘက်ရောက်တော့တာကိုး၊ ရေကလည်းကြီးနေတဲ့အချိန်ဆိုတော့ မနေ့က တော့ အလောင်းတင်ပြီးမျှောလိုက်တဲ့ ဖောင်လို့ယူဆရတဲ့ ငှက်ပျောတုံးတွေပဲပြန်တွေ့တယ်။ ဒီနေ့ မွန်းလွဲ နှစ်နာရီခွဲလောက်မှ အမျိုးသမီးအလောင်းရတယ်ဗျ၊ အမျိုးသားအလောင်းတော့ အခုထိရှာမတွေ့သေးဘူး” ဟု ၎င်းက ဆိုသည်။
မင်းကင်းမြို့နယ်၊ တောင်လက်တိုက်နယ်အတွင်း မောင်ညီညီလင်းသည် ပထမဆုံး လက်နက်နှင့်အတူ အလင်းဝင်လာသူဖြစ်ပြီး ၎င်း၏မိဘများသတ်ဖြတ်ခံရသည့်ဖြစ်စဥ်နှင့်ပတ်သက်၍ တင်ဘက်ပျူစောထီးရွာ အတွင်းသတင်းအရ သိရှိပြီးဖြစ်ကြောင်း တိုက်နယ်ပကဖဒုတာဝန်ခံဗိုလ်အောင်ဒင်က MPAကိုပြောသည်။
“ အလင်းဝင်လာတာကတော့ ကျတော်တို့ဘက်မှာရှိတဲ့ သူ့သူငယ်ချင်းနဲ့ချိတ်ဆက်ပြီး အလင်းဝင်လာတာဗျ၊ သေနတ်နှစ်လက်ပါလာတယ်။ G3တစ်လက်၊ MA3တစ်လက်ဗျ၊ အခုလောလောဆယ်တော့ သူ့နေရေးထိုင်ရေးအဆင်ပြေအောင် ကျတော်တို့စီစဥ်ပေးထားပါတယ်။ ဆုချဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်” ဟု ဗိုလ်အောင်ဒင်ကပြောသည်။
တင်ဘက်ရွာသည် မင်းကင်းမြို့၏ အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာတွင်တည်ရှိပြီး စစ်ကောင်စီအထိုင်ချထားသည့် ပျူစောထီးရွာဖြစ်သည်။
ယင်းအပြင် မင်းကင်းမြို့နယ်တွင် ပျူစောထီးရွာ သုံးဆယ်ကျော်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ ကန့်ဘလူမြို့နယ်ပြီးနောက် ဒုတိယပျူစောထီးရွာအများဆုံးတည်ရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။