By Jar Seng / MPA
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေသည့် YBS ခရီးသည်တင် ယာဉ်လိုင်းများပေါ်၌ ခါးပိုက်နှိုက်သည့် ဖြစ်စဉ်များ ပိုမိုများ ပြားလားကြောင့် နေ့စဉ် စီးနင်းအသုံးပြုနေသည့် ခရီးသည်များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဇွန်လနောက်ပိုင်းမှ စတင်၍ YBS ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များ၏ ကျောပိုးအိတ်၊ လက်ကိုင်အိတ်၊ အခြားလူသုံးကုန်ပစ္စည်းများအတွင်း ထည့်ထားသည့် ဖုန်းနှင့် ပိုက်ဆံများ အဓိကထားပြီး ခါးပိုက်နှိုက်ခံနေရခြင်းဖြစ်သည်။
“ ပြီးခဲ့တဲ့လ(ဩဂုတ်လ)က ကျမသားကို ဝယ်ပေးထားတဲ့ဖုန်း YBS ပေါ်မှာ အနှိုက်ခံရတယ်။ ၄၃သိန်းတောင်ပေးထားရတာ၊ နှစ်ရက်လောက်ပဲသုံးရသေးတယ်။ ဖုန်းကို သေချာဂရုစိုက်ပါလို့ ပြောထားတဲ့ကြားကနေ YBS-14 ပေါ်မှာ ခါးပိုက်နှိုက်ခံလိုက်ရတယ်” ခါးပိုက်နှိုက်ခံခဲ့ရသည့် ကိုမျိုးမင်းသူ၏ မိခင်က ရှင်းပြသည်။
YBS ယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်သူများသည် တစ်ဦးတစ်ယောက်ထဲ လုပ်ဆောင်ခြင်းမဟုတ်ဘဲ၊ အနည်းဆုံး နှစ်ဦးမှ အများဆုံး ငါးထိဖြင့် အုပ်စုဖွဲ့ကာ ခရီးသည်အတက်အဆင်းပြုလုပ်သည့်နေရာနှင့် လူကျပ်သည့်နေရာများ၌ အဓိက ဆောင်ရွက်ခြင်းဖြစ်ကြောင်း YBS စီးနင်းသူများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း Yangon YBS စီးသူများဆုံစည်းရာ Facebook Group ၌ YBS ယဉ်များပေါ်တွင် ခါးပိုက်နှိုက်ခံရသည့် ဖြစ်စဉ်တင်ထားမှု လေးကြိမ်ထက်မနည်းရှိခဲ့ပြီး ယခုထက်ပိုမိုများပြားနိုင်ကာ၊ ခါးပိုက်နှိုက်ခံရသူ များ ပိုစ့်တင်ထားသည့် ဖြစ်စဉ်များသည်လည်း တူညီမူများရှိနေသည်။
” ကျတော်တို့ရုံးက ရန်ကင်းမှာဆိုတော့ YBS-38 စီးပြီးသွားရတယ်။ ကမာရွတ် တံတားကုန်းဆင်း၊ ကျောင်းရှေ့ မှတ်တိုင်ကနေ တက္ကသိုလ်ရိပ်သာလမ်း၊ မြန်မာပလာဇာအထိက ရုံးသွားချိန်နဲ့ ရုံးဆင်းချိန်ဆို လူတော်တော်ကျပ်တယ်။ ကျတော့်ဖုန်းက UFL မှတ်တိုင်ရောက်ခါနီးမှာ အနှိုက်ခံရတာ၊ CCTV တပ်ထားတဲ့ ကားတွေပါ မကျန် အုပ်စုလိုက် ခါးပိုက်နှိုက်နေကြတာ” ဟု ရုံးဝန်ထမ်း တစ်ဦးက ပြောသည်။
ထို့ပြင် ဇူလိုင် ၇ ရက်ကလည်း အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမှတ်တိုင်မှ တောင်ဥက္ကလာမြို့နယ်၊ ပါရမီညောင်ပင် မှတ်တိုင်သို့ YBS-96 စီးနင်းခဲ့သူ တစ်ဦး ခါးပိုက်နှိုက်ခံခဲ့ရသည်။
“အဲဒီနေ့က သင်တန်းက ၉ နာရီစမှာ ဆိုတော့ ကျောင်းကို ရှစ်နာရီလောက်သွားတာ၊ လူက အလောတကြီးဖြစ်နေတာလည်းပါမယ်ထင်တယ်။ အိတ်မှာတော့ သေချာထည့်ထားတာ၊ ခါးပိုက်နှိုက်ခံရတာ မသိလိုက်ဘူး။ ကျောင်းကိုရောက်မှ ဖုန်းက ပါမလာတော့ဘူး” ဟု နိုင်ငံခြား ဘာသာစကားသင်ယူရန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ ရန်ကုန်တိုင်းသို့ ရွှေ့ပြောင်းလာသည့် ကိုခွန်ခါရာက ပြောသည်။
၂၀၂၄ခုနှစ်၊ မေ ၁၇ရက်တွင် YRTC(ယခင်-YRTA) က YBS ယာဉ်များပေါ်တွင် ခါးပိုက်နှိုက်ဖြစ်စဉ်များ ပိုမိုများပြားလာသည့်အတွက် သတိပေး စတေကာများကို ယာဉ်များပေါ်တွင် ကပ်ထားသော်လည်း ထိရောက်သည့် ဖမ်းဆီး အရေးယူမှု မရှိသဖြင့် ခါးပိုက်နှိုက်မှုများ လျော့ကျသွားခြင်းမရှိပေ။
“ အခုက တချို့ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေနဲ့ ခါးပိုက်နှိုက်တွေ ပေါင်းပြီး လုပ်စားနေကြတာ၊ လူကျပ်ပြီဆို ယာဉ်မောင်းက ဘရိတ်အုပ်မယ်။ အဲ့ဒီအချိန်ဆို အသာလေး နှိုက်ရုံပဲ၊ အဆိုးဆုံးက 42 ၊ 66၊ 79၊ 6 နဲ့ 92 ယာဉ်လိုင်းတွေပဲ “ ဟု ရန်ကုန်တိုင်းအတွင်း YBS ယာဉ်ကို အားထားနေရသည့် စီးနင်းသူတစ်ဦးက ပြောသည်။
NLD အစိုးရလက်ထက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ခရီးသည်တင်ယာဉ်များ မဆင်မခြင် မောင်းနှင်မူ၊ ခါးပိုက်နှိုင်က်မှုများ မကြာခဏဖြစ်ပွားနေသော မထသ ယာဉ်လိုင်းစနစ်ကို ဖျက်သိမ်းပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၆ရက်တွင် YBS စနစ်ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ခရီးသည်တင်ယာဉ်များကို အဆင့်မြှင့်တင်ကာ ယာဉ်များအတွင်း CCTV ကင်မရာများတပ်ဆင်ခဲ့သည်။
သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက် ခါးပိုက်နှိုက်ခံရသည့်အခါ၌ YBS ယာဉ်လိုင်းအများစုရှိ ခရီးသည်တင်များတွင် တပ်ဆင်ထားသော CCTV ကင်မရာများမှ ဗီဒီယိုမှတ်တမ်းများ တောင်းကြည့်ရန် မလွယ်ကူခြင်းနှင့် အရေးပေါ် ဖုန်းနံပါတ်များကိုလည်း အလွယ်တကူ ဆက်သွယ်၍ မရကြောင်း ခရီးသွားပြည်သူများထံမှ စုံစမ်းသိရှိရသည်။
“ ရုံးတက်၊ ရုံးဆင်းချိန်တွေမှာ ခရီးသည်တွေအနေနဲ့ ဖုန်းနဲ့ ပိုက်ဆံအိတ်တွေကို ပိုဂရုစိုက်ဖို့၊ အတက်အဆင်း ဂရုစိုက်ဖို့နဲ့ ခါးပိုက်နှိုက်တွေကို သတိထားဖို့ အမြဲသတိပေးဖြစ်တယ်” ဟု YBS ယာဉ်မောင်းတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းအတွင်း YBS ပြေးဆွဲသည့် လမ်းကြောင်းများအနက် လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ တောင်ဒဂုံမြို့နယ်နှင့် တောင်ဥက္ကလာမြို့နယ်တို့တွင် ခါးပိုက်နှိုက်သည့် ဖြစ်စဉ်များ ပိုမိုဖြစ်ပွားလေ့ရှိပြီး အဆိုပါမြို့နယ်များအတွင်းသို့ YBS – 79, 6, 42, 66, 65, 35, 13, 116, 130, 19, 92, 57, 65, 14, 38 စသည့် ယာဉ်လိုင်းများ ပြေးဆွဲနေခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးမှု နည်းပါးလားကာ အခြေခံစားသောက်ကုန်ပစ္စည်းများ အဆမတန်မြင့်တက်ခဲ့ပြီး ဆင်းရဲမွဲတေမူ ပိုမိုဆိုးရွားလာခြင်းကြောင့် YBS ယာဉ်များပေါ်၌ ခါးပိုက်နှိုက်သည့် ဖြစ်စဉ် များ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
လက်ရှိ YBS ယာဉ်လိုင်းပေါင်း ၁၃၀ ကျော်ရှိပြီး ယာဉ်စီးရေ ၃၆၀၀ ကျော်ဖြင့် ရန်ကုန်တိုင်းအတွင်း ပြေးဆွဲလျက်ရှိကာ၊ နေ့စဉ် ပျမ်းမျှ ခရီးသည် ၁၃ သိန်းသည် YBS ခရီးသည်တင်ယာဉ်များကို စီးနင်းကြောင်း YRTC အချက်အလက် များအရသိရသည်။