By Ko Paing / MPA
ပဲခူးရိုးမပေါ်သို့ စစ်ကောင်စီတပ် တက်မလာရဲတော့ကြောင်း ဒေသခံ PDFအချို့က ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ပဲခူးရိုးမတောင်ခြေရှိ ပျူစောထီးရွာများ မကျစေရေးအတွက်သာ ခံစစ်အနေဖြင့် ပြင်ဆင်ထားနိုင်ပြီး ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးနိုင်ခြင်းမရှိတော့ကြောင်း သိရသည်။
“စစ်ကောင်စီက ပဲခူးရိုးမအနောက်ခြမ်းကို အရမ်းမကာနိုင်ဘူး။ အရှေ့ခြမ်းကိုသာ အင်အားနဲ့ ကာထားတာ။အရှေ့ခြမ်းက ဝင်လာမှာကို သူတို့ တော်တော်စိုးရိမ်ကြတယ်။လာမယ့် ၂၀၂၅ မှာတော့ အရှေ့ခြမ်း၊အနောက်ခြမ်း အားလုံးထိုးဖောက်နိုင်မှာပါ” ဟု သာယာဝတီခရိုင်ပကဖ၊ စစ်ရေးတာဝန်ခံ ရဲဘော်သစ္စာက MPAသို့ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များတွင် စစ်ကောင်စီ တပ်စခန်းနှင့်ပျူစောထီးကျေးရွာအချို့ရှိနေ သေးကြောင်းသိရသည်။
“ကျတော်တို့ အရင်ကလို တောကြိုအုံကြားမှာ မဟုတ်တော့ဘူး။ပြည်သူတွေနဲ့လက်ပွန်းတသီးနေနိုင် နေပြီ။ တချို့ကျေးရွာတွေမှာ စည်းဝေးပွဲ၊ဟော ပြောပွဲတွေ လုပ်ဆောင်နိုင်တဲ့အခြေအနေထိ စိုးမိုးမှု ရထားပါပြီ။ ကျနော်တို့ ပဲခူးရိုးမကျ တခြား EROs နယ်မြေတွေလိုတော့မဟုတ်ဘူး။လက်နက်ခဲယမ်း အရမ်းမများသေးဘူး။ သုံးပုံတစ်ပုံလောက်ပဲ စိုးမိုးနိုင်သေးတယ်ဆိုပေမဲ့ ကျနော်တို့ တော်လှန်ရေးစ တုန်းကနဲ့ယှဥ်ရင်တော့ အောင်မြင်တယ်လို့ပြောလို့ရပါမယ်” ဟု သာယာဝတီခရိုင် ၃၈၀၁ ၊တပ်ခွဲ တစ် Yoma (GBK) PDF မှ တပ်ခွဲမှူး ရဲဘော်ကရင်လေးကပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်း ၁၄ မြို့နယ်တွင် စစ်ကောင်စီက ပြည်သူ့စစ်နှင့် စစ်သားသစ်စုဆောင်း နေမှုများကြောင့် ဒေသခံလူငယ်အချို့ PDF တပ်ရင်း၊တပ်ဖွဲ့များထံ ဝင်ရောက်လာကြ ကြောင်းသိရသည်။
သြဂုတ် ၂၄ ရက်တွင် ပဲခူးတိုင်းအနောက်ခြမ်း၊လက်ပံတန်းမြို့နှင့် ငါးမိုင်သာဝေးသည့် ရေငံကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို PDF တပ်ရင်းများက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး အဆင့်အပါအဝင် စစ်သားနှင့်ရဲ ၂၀ ကျော်သေဆုံးခဲ့ကာ စစ်သုံ့ပန်း ၁၀ ဦးနှင့် လက်နက်ခဲယမ်းမျိုးစုံ ၃၀ ဝန်းကျင် သိမ်းဆည်းရမိခဲ့ကြောင်း NUG ၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။


