By Hlaing / MPA
မန္တလေးတိုင်း၊ မိတ္ထီလာမြို့သို့ စစ်ရှောင်လာကြသည့် ပြည်သူများသည် ဒေသခံများနည်းတူ စားအုန်းဆီတန်းစီဝယ်ယူခွင့်မရသဖြင့် အခက်အခဲများကြုံတွေ့နေရကြောင်း စစ်ရှောင်များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၀ ရက်၌ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) နှင့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း တိုက်ပွဲများကြောင့် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ မလှိုင်၊ မိုးကုတ်၊ နမ့်စန်၊ နောင်ချို၊ လားရှိုးနှင့် သီပေါမြို့တို့မှ ပြည်သူအချို့ သည် မိတ္ထီလာမြို့သို့ စစ်ရှောင်လာကြခြင်းဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်ခန့်ရှိနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။
“ စစ်ရှောင်တွေအတွက် အဝတ်အစား၊ ဆန်တို့ လှူတာတွေ ရှိပေမဲ့ မလုံလောက်ဘူးလေ၊ ကိုယ့်မှာ ပိုက်ဆံလေးရှိရင်တောင် တန်းစီပြီး ဝယ်လို့မရဘူး။ အိမ်ထောင်စုလူဦးရေများတဲ့သူဆိုရင် အပြင်စျေးနဲ့ဆီဝယ်ရတဲ့အခါ ငွေပိုထွက်တယ်” ဟု မိတ္ထီလာမြို့သို့ စစ်ဘေးရှောင်လာသည့် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် စားအုန်းဆီတန်းစီ ဝယ်ယူရာတွင် ရပ်ကွက်အလိုက် အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်နှင့် မိသားစုတွင်ပါဝင်သည့် လူဦးရေစာရင်းတို့ကို စစ်ကောင်စီက အတိအကျ စာရင်းကောက်ယူနေသည့်အတွက် စစ်ရှောင်ပြည်သူများအခက်အခဲ တွေ့နေရခြင်းလည်းဖြစ်သည်။
“ စစ်ရှောင်တွေက စားအုန်းဆီဘယ်လိုဝယ်ရမလဲဆိုတာ မသိဘူး။ နယ်ခံတွေကတော့ ဆီသွားထုတ်နေကြတာတွေ့တယ်။ တစ်ပိသာ ၇၂၀၀ တဲ့၊ ရပ်ကွက်အလိုက်ပေါ့နော်၊ အိမ်ထောင်စုစာရင်း မိတ္တူတွေနဲ့ မှတ်ပုံတင်မူရင်းပြနိုင်မှ ဆီဝယ်လို့ရတာ၊ ဧည့်စာရင်းနဲ့ ဝယ်လို့ရတယ်လို့ မကြားမိသေးဘူး” ဟု လားရှိုးမြို့မှ မိတ္ထီလာမြို့သို့ စစ်ရှောင်လာသူတစ်ဦးက ဆိုသည်။
စစ်ကောင်စီ၏ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB(Free On Board – ဆိပ်ကမ်းအရောက်တင်ပို့ခြင်း စနစ်) စျေးနှုန်းများကို နေ့စဥ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများကို ထည့်သွင်းတွက်ချက်၍ ပြည်တွင်းစျေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းစျေးကို ထုတ်ပြန်ပေးလျက်ရှိသည်ဟု ဖော်ပြထားသည်။
ထိုကဲ့သို့ ရည်ညွှန်းစျေးများ ထုတ်ပြန်သော်လည်း ပြည်သူများကြားတွင်မူ စားသုံးဆီစျေးနှုန်းများမှာ ထက်ဝက်ခန့်မြင့်တက်လျက်ရှိနေသည်။
“ စစ်ကောင်စီလုပ်ပေးတဲ့ စားအုန်းဆီဝယ်ရတဲ့ ကတ်မပါရင် စျေးက တစ်ဝက်ကွာတယ်။ အပြင်စျေးက တစ်ပိသာ ၁၇၀၀၀ အထိရှိတယ်။ ပြီးတော့ စားအုန်းဆီကိုလည်း ဘယ်လိုတွေထပ်လုပ်ထားလဲ မသိဘူး” ဟု မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်တွင် နေထိုင်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။
စစ်တပ် အာဏာ မသိမ်းမီက စားအုန်းဆီတစ်ပိသာလျှင် ၂၀၀၀ ကျပ် ဝန်းကျင်သာရှိခဲ့ရာ၊ ယခုအချိန်တွင်မူ စားအုန်းဆီတစ်ပိသာလျှင် ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိ မြင့်တက်လျက်ရှိနေသည်။
“ ရွာတွေဘက်မှာ ဆီထုတ်လို့ရတဲ့ ကတ်တွေလုပ်ပေးပြီး တန်းစီစနစ်နဲ့ ဝယ်လို့ရပေမဲ့ လိုသလောက်မရဘူး။ စစ်ရှောင်တွေက ဆီတန်းစီလို့မရဘူး။ မိုးကုတ်ဘက်က အသိတွေက ကျတော်တို့ရွာတွေဘက်မှာ စစ်ရှောင်လာကြတော့ အတူစား၊ အတူနေပဲ ထားရတယ်။ ဆီတင်မကဘူး၊ ဆားဆိုလည်း မြို့မှာ တစ်ပိဿာ ၁၀၀၀၀ ကျော်သွားပြီ” ဟု မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၉ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် သမဝါယမစနစ်ကို ပြောင်းလဲကျင့်သုံးရန် ပြောကြားခဲ့သည်။
ထို့ပြင် အာဏာသိမ်းမှု သုံးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍမှာ ပြန်လည်ဦးမော့လာသည်ဟု စစ်ကောင်စီဘက်က ဆိုသော်လည်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများမှာ စစ်ဘေးဒဏ်နှင့်တကွ ကုန်စျေးနှုန်းကြီးမြင့် နေမှုများအပါအဝင် အဘက်ဘက်မှ ဒုက္ခများကို ရင်ဆိုင်နေကြရသည်။