By Poesangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ သိမ်းပိုက်ထားသည့် မြို့များကို စစ်ကောင်စီက စက်တင်ဘာ တစ်ရက်မှ ၁၁ရက်နေ့အထိ လေကြေင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၁၄ဦးသေဆုံးခဲ့ပြီး ၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လားရှိုးမြို့ ဌာနဆိုင်ရာရုံး၊ ထွေအုပ်ရုံး၊ မိုးလုံလေလုံခန်းမ၊ စာသင်ကျောင်း တစ်ကျောင်း၊ နေအိမ်တစ်လုံး၊ ဟိုတစ်တစ်လုံး၊ ကုန်တင်ကား လေးစီး၊ အိမ်စီးကား ၁၅စီးနှင့် နမ့်ခမ်းမြို့တွင် နေအိမ် ၂၀ နီးပါးပျက်စီးခဲ့သည်။
ယင်းအပြင် စက်တင်ဘာလ ၄ ရက်တွင်လည်း မန်တုံမြို့ရှိ အောင်ချမ်းသာရပ်ကွက်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား နှစ်ဦး ဒဏ်ရာရရှိပြီး စက်ရုံတစ်ခုအပါအဝင် နေအိမ် ငါးလုံး ပျက်စီးခဲ့သည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာ ၆ ရက် ၊ မနက် တစ်နာရီခွဲတွင် နမ့်ခမ်းမြို့သို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးနှစ်ဦးအပါအဝင် ၁၃ဦးသေဆုံးပြီး ၁၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ စက်တင်ဘာ ကိုးရက်တွင် လားရှိုးမြို့သို့ စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံတစ်ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
“ လက်ရှိ လားရှိုးမှာတော့ ပုံမှန်သွားလာနေကြတာပဲ၊ တချို့လည်း ရှောင်ကြတယ်။ တချို့လည်း ပြန်လာကြတယ်။ ဒီနေ့(စက်တင်ဘာ ၁၁ရက်)တော့ ငြိမ်နေတယ် ” ဟု လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် စက်တင်ဘာ ၁၀ရက်တွင်လည်း စစ်ကောင်စီတပ်သည် လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာအနီးရှိ နမ္မ ကျောက်မီးသွေးတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် နေအိမ်အဆောက်အအုံအများအပြား ပျက်စီးခဲ့ကြောင်း စက်တင်ဘာ ၁၁ရက်တွင် MNDAA က ထုတ်ပြန်ထားသည်။
အဆိုပါ ကျောက်မီးသွေးတွင်းကို စက်တင်ဘာ ရှစ်ရက်မှ ၁၀ရက်အထိ စစ်ကောင်စီက သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်းလအတွင်းတွင်လည်း သိန္နီမြို့သို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားရှစ်ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် ၃၀ နီးပါး ပျက်စီးခဲ့သည်။
စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရာ၌ ညဘက်ပိုင်းတွင်လုပ်ဆောင်မှုများပြားပြီး အရပ်သားများ နေထိုင်ရာသို့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေခြင်းဖြစ်ရာ ပြည်သူများကို သေစေလို၍ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း CDM လေတပ်အုပ်ခွဲ တပ်ကြပ်ကြီးတစ်ဦးက MPA သို့ပြောကြားထားသည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး နှစ်ခုလုံး၌ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ ထိန်းချုပ်ထားသည့် မြို့များကို စစ်ကောင်စီဘက်က နေ့စဉ်ကင်းထောက်လေယာဉ်ဖြင့် လှည့်လည်ပျံ့သန်းမှုများ ပြုလုပ်နေမှုကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိသည်။
“နမ့်ခမ်းမှာလည်း ပုံမှန်ဘဲသွားလာနေကြပြီ၊ တချို့ကတော့ မူဆယ်တို့၊ တရုတ်ဘက်တို့ ရှောင်ကြတာရှိတယ်။ မြို့မဈေးတော့ပြန်ဖွင့်ပြီ၊ စာသင်ကျောင်း၊ ဘော်ဒါဆောင်တွေပဲ မဖွင့်သေးတာ၊ ကြောက်တော့ကြောက်တာပေါ့လေ၊ အခြေ အနေတွေကြည့် ဆိုင်တွေဖွင့်ကြတယ်။ သွားလာကြတယ်ပေါ့” ဟု နမ့်ခမ်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)နှင့် မြို့အများအပြားကို လက်လွှတ်ခဲ့ရသော စစ်ကောင်စီသည် ၎င်းတို့ စခန်းများ ပြန်လည်ရရှိရေးအတွက် လေကြောင်းများကို ပိုမိုအသုံးပြုပြီး လူထူထပ်သောနေရာများနှင့် ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံ၊ စျေးနှင့် ဌာနဆိုင်ရာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲ တိုက်ခိုက်မှုများ နေ့စဉ်နီးပါးပြုလုပ်လျက်ရှိသည်။
ထိုကဲ့သို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံအနှံ့ရှိ ကလေး၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်၊ ရဟန်း၊ သီလရှင်နှင့် အရပ်သားများအပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များပါ သေဆုံး၊ ဒဏ်ရာရရှိမှုများ နေ့စဉ်ဖြစ်ပေါ်လျက်ရှိကြောင်း မြောက်ပိုင်းမဟာမိတ် ညီနောင် သုံးဖွဲ့က စက်တင်ဘာ ၁၀ရက်တွင် ထုတ်ပြန်ထားသည်။
ယခုလို စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။