By Bala / MPA
မဲဆောက်သက်ငယ်မုဒိမ်းမှုဖြစ်စဉ်နှင့်ပတ်သက်၍ သံသယရှိသူကို နိုင်ငံကျော်ပြီးဖမ်းရန် လတ်တလောမဖြစ်နိုင် သေးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊တရားရေးဝန်ကြီးဌာန အတွင်းဝန် ဦးဂျိုးဇက်က ပြောသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အသက် ငါးနှစ်အရွယ် အမျိုးသမီးငယ်ကို တွံ့တေးမြို့နယ် NLDပါတီ အလုပ်အမှုဆောင် ဦးအောင်မင်းဆိုသူက လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့ကြောင်း မိခင်ဖြစ်သူက NUGအစိုးရထံ တိုင်ကြားစာပေးပို့ခဲ့ရာ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၁၃ရက်တွင် NUG၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန က ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)၌ (ပ)၁၅/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် တရားလိုပြုလုပ်အမှုဖွင့်ထားပြီးဖြစ်ကြောင်း သိရသည်။
“ ပွင့်ပွင့်လင်းလင်းပြောရရင် ကျတော်တို့မှာ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အားနည်းချက်တွေ ဖြစ်ခဲ့တာတွေ ကျတော်တို့ရှိတယ်။ဒီလိုနဲ့ အခုအခြေအနေမှာတော့ ဒီအမှုကို ကျတော်တို့ တရားစွဲဆိုပြီးတော့ အမှုကိုတရားရုံးက အမှုဖွင့်လက်ခံထားနိုင်တဲ့အခြေအနေကို ရောက်ပြီဖြစ် ပါတယ်။ဒီလိုမျိုးအမှုတွေနဲ့ပတ်သက်ရင် ကျွန်တော်တို့က အမှုဖွင့်ထားလို့ရတယ်။အမှုဖွင့်ပြီးတော့ အမှုနဲ့ပတ်သက်တဲ့ ကာယကံရှင်တွေက ပြည်တွင်းကိုရောက်ရှိတဲ့အခါမှာတော့ တရားစီရင်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာနဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
လက်ရှိတွင် သံသယရှိသူ ဦးအောင်မင်းကို ဖမ်းဆီးရန် ဖမ်းဝရမ်းကို အတည်ပြုသည့် အဆင့်သာ ရှိသေးပြီး နိုင်ငံကျော်ဖမ်းဆီးရန် လတ်တလောမဖြစ်နိုင်သေးကြောင်း NUG တရားရေးဝန်ကြီးဌာန အတွင်းဝန် ဦးဂျိုးဇက်က ပြောသည်။
“ နိုင်ငံကျော်ပြီးတော့လည်း သူ့ကိုဖမ်းဆီးဖို့အတွက်က လတ်တလောမှာ မဖြစ်နိုင်ပါဘူး၊ ကျွန်တော်တို့အနေနဲ့က။ဒါ့ကြောင့် သူကမြန်မာပြည်ရဲ့ NUGစိုးမိုးထိန်းချုပ်နယ်မြေအတွင်း ဘယ်နေရာမှ သူလာတာနဲ့ ကျတော်တို့သူ့ကို ဖမ်းပစ်လိုက်လို့ရပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အမှု ကွင်းဆက်မပြတ်စေရေးအတွက် သတင်းစုံစမ်းမှုများ စဉ်ဆက်မပြတ် လုပ်ဆောင် နေသလို ဦးအောင်မင်းအား ဆင့်ခေါ်စာ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း NUGအစိုးရက ယနေ့(စက် တင် ဘာ ၁၁ရက်)ကျင်းပသည့် “ ကြားကာလ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက် ချက်များ ” သတင်းစာရှင်းလင်းပွဲ၌ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး နော်စူစန်နာ လှလှစိုးက ပြောသည်။