By Zwe Ko / MPA
ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ၁၀ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ မြို့နယ်အလုပ်မှုဆောင်တစ်ဦးဖြစ်သည့် ကိုမင်းဆွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး သတ်ဖြတ်လိုက်သည့်အပြင် နေအိမ်ကိုပါ ချိတ်ပိတ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တောင်ငူမြို့သို့ ရောက်ရှိခဲ့သည့် ၂၀၂၄ခုနှစ်၊ ဩဂုတ် ၂၃ရက်က ကိုမင်းဆွေ လက်ဖက်ရည်ဆိုင်ထိုင်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။
“တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဖမ်းခေါ်သွားတယ်လို့တော့သိရတယ်။ သတ်ပစ်လိုက်တာကတော့ အခုလ စက်တင်ဘာ ငါးရက်နေ့မှာ၊ သေသွားပြီဆိုတာ မိသားစုကို အကြောင်းကြားတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ကိုမင်းဆွေသည် အသက် ၅၀ကျော်အရွယ်ရှိသူဖြစ်ပြီး စစ်တပ်အာဏာသိမ်းစဉ်တုန်းကလည်း ထောင်ချခံခဲ့ရသေးကြောင်း တောင်ငူမြို့မှ NLD ပါတီဝင်တစ်ဦးက ပြောသည်။
“ ဆန္ဒပြပွဲတွေမှာလဲ သူကပါခဲ့တယ်လေ၊ အဲ့ဒီတော့ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ကိုးရက်နေ့မှာ အဖမ်းခံလိုက်ရတယ်။ ၅၀၅ နဲ့ တရားစွဲခံရပြီးတော့ ထောင်သုံးနှစ်ချခံလိုက်ရတယ်။ လွတ်လာတာလဲ သိပ်မကြာသေးဘူး။ လပိုင်းလောက်ပဲရှိသေးတယ်။ အခု ပြန်အဖမ်းခံရပြီး အသတ်ခံလိုက်ရတာ” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် စစ်ကောင်စီသည် ကိုမင်းဆွေကို သတ်ခဲ့သည့်အပြင် စက်တင်ဘာ ၁၀ရက်တွင်လည်း တောင်ငူမြို့၊ ၁၀ ရပ်ကွက်ရှိ ၎င်း၏ နေအိမ်ကို ချိတ်ပိတ်ခဲ့ကြောင်း အဆိုပါရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
“ မနေ့က အိမ်ကို ချိတ်ပိတ်လိုက်တာ၊ စစ်သားတွေကော၊ ရဲတွေကော လာပြီးချိတ်ပိတ်သွားတာ၊ ရပ်ကွက်ထဲကသူတွေလည်း ကြောက်လို့ ဘယ်သူမှ ထွက်မကြည့်ရဲဘူး။ ကိုမင်းဆွေ မိသားစုတွေလည်းမရှိကြဘူး။ ရှောင်နေကြတယ် ” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီက ပြည်သူများကိုဖမ်းဆီးပြီး သတ်ဖြတ်မှုများပြုလုပ်ခြင်းသည် အကြောင်းတရား ရိုက်သွင်းမှု ဖြစ်ကြောင်း တောင်ငူမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။
“ အချိန်မရွေး သူတို့မလိုတဲ့သူကို သတ်နေတာ ဟိုးအရင်ထဲက၊ အခုလည်း ဒီလိုပဲလုပ်နေတာ၊ နောင်လည်းလုပ်နေအုန်းမှာ၊ ပြည်သူတွေဘ၀က ဘယ်လိုမှ မလုံခြုံဘူး။ အဲ့ဒီတော့ စစ်မိစ္ဆာကို အမြစ်ပြတ်တဲ့အထိ ဖြတ်မှ ရမယ် ” ၎င်းက ပြည်သူများကို တိုက်တွန်း ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် တောင်ငူမြို့နယ်အတွင်း ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁၀ဦးထက်မနည်းရှိပြီး အဆိုပါ အသတ်ခံရသူများထဲ၌ NLD ပါတီဝင် ၃ဦးပါဝင်ကြောင်း သိရသည်။
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၂၁၈၁ ဦးနှင့် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး ဖမ်းဆီးခံခဲ့ရေကြာင်း လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ (HRDT-NLD) က ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း တောင်ငူလေတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းများ၊ ရှော့တိုက်ဒုံးများဖြင့် နှစ်ကြိမ် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး တစ်ဦး၊ ဗိုလ်ကြီး တစ်ဦး၊ လေတပ် အရာရှိ ၂ဦး အပါဝင် ၁၄ဦးထက်မနည်းသေဆုံးသွားကြောင်း တော်လှန်ရေး တပ်ဖွဲ့များက အသီးသီးထုတ်ပြန်ထားကြသည်။
ထိုကဲ့သို့ လေတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် တောင်ငူမြို့နယ်အတွင်းရှိ ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးမှုများ ပိုမိုပြုလုပ်လာခြင်းလည်းဖြစ်သည်။



