By Ko Paing / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မြောက်ပိုင်းရှိ PDF ထိန်းချုပ်နယ်မြေထဲသို့ စစ်ကြောင်းထိုးလာသော တပ်ကို တိုက်ခိုက်ခဲ့ရာ တိုက်မိုင်းထိပြီး စစ်သားတစ်ဦး သေဆုံးကာ ပြန်ဆုတ်ပြေးသွားကြောင်း သိရသည်။
စက်တင်ဘာ ၁၀ ရက်၊နံနက် ခုနှစ်နာရီဝန်းကျင်တွင် မြင်းခြံမြို့နယ်မြောက်ပိုင်းရှိ Myingyan Black Tiger တပ်ဖွဲ့၏ စစ်ကြောင်းတစ် နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလားရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Myingyan Black Tiger (မြင်းခြံခရိုင်အမှတ် ကိုးတပ်ရင်း)ထံက သိရသည်။
“ကိုးရက်နေ့က လာပစ်တုန်းကတော့ ကျတော်တို့ဘက်က ပြန်မပစ်ဘူး။အေးဆေးပဲ ခံစစ်ကနေ တည်ပြီးစောင့်နေတာ။၁၀ ရက်နေ့လာပစ်တော့မှ ကျနော်တို့ဘက်ကသွားပစ်တာ။သူတို့ဘက်က မိုင်းတွေထိကုန်တာ။အင်အားက ၁၀၀ လောက်ပါတယ်။ ၄၀ လောက်က ရှေ့ကထိုးတက်လာပြီး ၆၀ လောက်က နောက်ကစောင့်နေတာ။အဲ့မှာပဲ ရှေ့ ကို ၄၀ တိုးလာကတည်းက ထိတာ” ဟု Myingyan Black Tiger ခေါင်းဆောင် ဗိုလ်မိုက်ခဲ က MPAသို့ ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်စဥ် G-3 သေနတ် တစ်လက် နှင့် ကျည် ၁၂ တောင့်သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
“၁၀ ရက်နေ့မှာ ထပ်ပြီး စစ်ကြောင်းထိုးလာတယ်ဆိုတာ ကြားတော့ ကျတော်တို့ဘက်က မဟာမိတ်တွေကလာတယ်။ဌာနချုပ်ကနေ တပ်ကူတွေလည်းလာတယ်။ကျတော်တို့တပ်တွေ ဧရာဝတီမြစ်ဆိပ်နားရောက်ခါနီးလောက်မှာပဲ ဒီကောင်တွေ ဒရောသောပါးနဲ့ ပြန်ဆုတ်ပြေးတာ။ ဒဏ်ရာရတဲ့ကောင်တွေလည်းများတယ်လို့သိရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Myingyan Blcak Tiger ၊Myingyan Eagle Defense Force(MEDF)နှင့်Popa Guerilla Force(PGF)တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားတစ်ဦး သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။