By Nway / MPA
အာဏာလက်လွှတ်ရန် နီးကပ်နေသော စစ်ရှုံးစစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ပြောကြားလိုက်သည်။
စစ်ကောင်စီ၏ နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည့် အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က မြန်မာ၊တရုတ်၊အင်္ဂလိပ်သုံးဘာသာဖြင့် သတင်းထုတ်ပြန် ရာ၌ အထက်ပါအတိုင်းဖော်ပြထားသည်။
“စစ်တပ်က သူတို့လုပ်နိုင်တာဆိုလို့ သူရဲဘောကြောင်စွာနဲ့ လေကြောင်းတိုက်ခိုက်တာပဲဆိုတော့ အခုရက်ပိုင်းအတွင်း တော်တော်လုပ်လာတယ်။စစ်ရေးပစ်မှတ်တွေကို တိုက်တာ ဘာမှပြောစရာမရှိ ဘူး။အခုဟာက အရပ်သားပစ်မှတ်တွေကို ဗုံးကြဲနေတာ။မကြာသေးဘူး။နမ့်ခမ်းမြို့ကို ဗုံးကြဲတာဆို ရင် အရပ်သားပစ်မှတ်ပဲ။ အခုလားရှိုးဆိုရင်လည်း နှစ်ရက်ဆက် ဗုံးကြဲတာ ပြည်သူတွေထိတယ်” ဟု ရှမ်းမြောက်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPA သို့ပြောသည်။
စစ်ကောင်စီတပ်သည် တော်လှန်ရေးအဖွဲ့အစည်းများ ထိန်းချုပ်ထားသော မြို့ရွာများရှိ ပြည်သူတို့ရှိ ရာနေရာများ၊လူနေထူထပ်သောနေရာများနှင့် ၎င်းတို့စစ်ရှုံး၍စွန့်လွှတ်ခဲ့ရသော စခန်းဟောင်းများကို နေ့ညမရွေး လေကြောင်းတိုက်ခိုက်မှုများအား ယခုရက်များအတွင်း ဆက်တိုက်လုပ်ဆောင်နေ ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများအပါအဝင် ညီနောင်သုံးဖွဲ့ထံတွင် စစ်သုံ့ပန်း အဖြစ်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုများပါ သေဆုံး၊ဒဏ်ရာရနေကြောင်း လည်းဆိုသည်။
စစ်ကောင်စီ လေသူရဲများအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပူးပေါင်း ဆောင်ရွက်ခြင်းမလုပ်ကြ ရန်လည်း ညီနောင်သုံးဖွဲ့က တိုက်တွန်းလိုက်သည်။
စက်တင်ဘာကိုးရက်၊ညကိုးနာရီခွဲခန့်တွင်စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိခဲ့သော စစ်သုံ့ပန်းများအပါအဝင် စုစုပေါင်း ၅၀ကျော် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း AAက သတင်းထုတ်ပြန်သည်။
စက်တင်ဘာကိုးရက် နံနက်ပိုင်းတွင် လားရှိုးမြို့ပေါ်သို့ စစ်တပ်က လေကြောင်းမှ ဗုံးကြဲချခဲ့ရာ ပြည်သူ ၁၂ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်းလည်း MNDAA ကဆိုသည်။
စက်တင်ဘာရှစ်ရက်၊ည ခုနှစ်နာရီမထိုးမီ ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၊ရှင်ရွာရွာကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသော နေရာတစ်နေရာသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သုံ့ပန်းအရာရှိကြီးအချို့နှင့် စစ်တပ်သတင်းပေးများအပါအဝင် စုစုပေါင်း ၁၇ဦး သေဆုံးခဲ့ ကြောင်း ရက္ခိုင့်တပ်တော်AA က သတင်းထုတ်ပြန်သည်။
စက်တင်ဘာခြောက်ရက်၊သန်းခေါင်ယံ နံနက် တစ်နာရီခွဲကျော်တွင် TNLA အုပ်ချုပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့ထဲကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် ပြည်သူ၁၁ဦး သေဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက သတင်း ထုတ်ပြန်ထားသည်။
စက်တင်ဘာငါးရက်၊ညကိုးနာရီကျော်တွင်လည်း ရှမ်း-ကရင်နီနယ်စပ်ရှိ ဘန်ကောက်စစ်ရှောင်စခန်း ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယင်းစခန်းနေ စစ်ရှောင်ပြည်သူ ၁၀ဦးသေ ဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။