စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးမိခဲ့သော စစ်သုံ့ပန်းများအပါအဝင် စုစုပေါင်း ၅၀ကျော် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရ သည်။
စက်တင်ဘာကိုးရက်၊ညကိုးနာရီခွဲခန့်တွင် စစ်တပ်က ဂျက်တိုက်လေယာဉ်နှစ်စင်းဖြင့် နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ရခိုင်ပြည်နယ်၊မောင်တောမြို့၊လေးမိုင်(နခခနှစ်)စခန်း၌ ခေတ္တထိန်းသိမ်းထားသော စစ်သုံပန်းများ၊ ARSA ၊ RSO အကြမ်းဖက် မူဆလင်လက်နက်ကိုင်တပ်ဖွဲဝင်များ၊ စစ်ကောင်စီသင် တန်းဆင်း မူဆလင်လက်နက်ကိုင်များ၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ စစ်ကောင်စီ လေ့ကျင့် ထား သော သတင်းပေးများ၊ ULA/AA အဖွဲအစည်း နှင့် ရက္ခိုင့်အမျိုးသားတော်လှန်ရေးကို အနှောင့်အယှက်ပေးပြီး ဖျက်ဆီးရန် ကြိုးစားအားထုတ်၍ ဖမ်းဆီးစစ်ဆေးနေသောသူများ၊ ALP နှင့် ဆက်စပ်နေသောသူများနှင့်သံသယအမျိုးမျိုးကြောင့် စစ်ဆေးမေးမြန်းရန် ဖမ်းဆီးထားသောသူများ ထဲမှ အကျဉ်းသား၅၀ကျော် ပွဲချင်းပြီးသေဆုံးခဲ့ကာ အများအပြားဒဏ်ရာရခဲ့ကြောင်း ရက္ခိုင့်တပ်တော်AA က သတင်းထုတ်ပြန်သည်။
ဒဏ်ရာရသူများထဲတွင် အသက်အန္တရာယ်စိုးရိမ်ရသူ များစွာရှိနေကြောင်းလည်း ဆိုသည်။
စစ်ကောင်စီတပ်သည် နခခ နှစ် ကိုမပစ်ခတ်မီ ညရှစ် နာရီ မိနစ်၂၀ နှင့် ၂၃ မိနစ်တို့တွင် မောင်တောမြို့၊ သုံးမိုင် နှင့် ဝေသာလီ ရွာအတွင်းရှိ UN အဆောက်အအုံတို့အား ဂျက်လေယာဉ် တစ်စင်း ဖြင့်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
နခခ နှစ်သည် စစ်ကောင်စီတပ်၏ စခန်းဟောင်းဖြစ်ပြီး ဇူလိုင်ခြောက်ရက်တွင် AA က သိမ်းပိုက်နိုင်ခဲ့သော စခန်းတစ်ခုဖြစ်သည်။