By Sayar Ngaat / MPA
လင်းရှူး၊လင်းပိုင် အသားခြောက် တစ်ပိဿာလျှင် ကျပ်တစ်သိန်းခွဲအထိ စျေးပေါက်နေသဖြင့် ၎င်းတို့ကို ဖမ်းဆီးမှု ပိုမို များပြားလာကြောင်း IUCN Myanmar မှ ကိုဝင့်ထည်က ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ လင်းရှူး၊ လင်းပိုင်များသည် မုတ္တပင်လယ်ကွေ့၌ ကျက်စားကြပြီး သုတေသနများအရ ဆယ်စုနှစ်အတွင်း ငါးကောင်ရေ သိသိသာသာလျော့နည်းလာသည့်အပြင် အစာရေစာရှားပါးလာမှု၊ ပလတ်စတစ်အမှိုက်များကြောင့် ပင်လယ်ရေ မသန့်ရှင်မှုများဖြစ်ပေါ်ခြင်းကြောင့် ယင်းတို့အပေါ် သက်ရောက်မှုများ ကြုံတွေ့လာရကြောင်း ကိုဝင့်ထည်က ပြောသည်။
“ လက်ရှိ မုတ္တမပင်လယ်ကွေ့မှာ ဘယ်လို ဖြစ်လာနေလဲဆိုရင် လင်းရှူး၊ လင်းပိုင်သားက စားလို့ ကောင်းတယ်။ ဝယ်လိုအားရှိလာတဲ့အခါကျတော့ အသားခြောက်တွေက ဒေသတွင်းမှာ ဈေးအရမ်းကောင်းလာတာကို တွေ့ရတယ်။နောက်ပိုင်းကျရင် လင်းရှူးလင်းပိုင်တွေကို ဦးတည်ပြီး ဖမ်းဆီးတာမျိုး ဖြစ်လာနိုင်တယ်လို့ ယူဆရပါတယ် “ ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ လင်းရှူး၊ လင်းပိုင်များကို သေချာစွာ သုတေနပြုလုပ်မှုမရှိခြင်းနှင့် စစ်တမ်းပြုလုပ်မှုများ မရှိခြင်းများကြောင့် ကောင်ရေ မည်မျှရှိသည်ကို အတိအကျမသိရသေးပေ။
သို့သော် မြန်မာနိုင်ငံတွင် လင်းရှူးများကို သုတေသနပြလုပ်နိုင်ခြင်းမရှိသော်လည်း ဧရာ၀တီလင်းပိုင်များကို ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ပူးပေါင်းပြီး မန္တလေးမြို့မှ ဗန်းမော်ကြား သုတေသနပြုစာရင်းများအရ ၂၀၀၄ ခုနှစ်တွင် နှစ်ကောင်၊ ၂၀၁၁ ခုနှစ်တွင် ၇၂ ကောင်၊ ၂၀၁၈ ခုနှစ် တွင် ၇၆ ကောင်၊ ၂၀၁၉ ခုနှစ်တွင် ၇၂ ကောင် တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မုတ္တမပင်လယ်ကွေ့အတွင်း ကျောရိုစူးတောင်မပါသည့် လင်းရှူး၊ ဧရာ၀တီလင်းပိုင်၊ ကျောဘို့ပါလင်းပိုင် စသည့် ပင်လယ်နေ နို့တိုက်သတ္တဝါများ ကျက်စားနေထိုင်ကြောင်းလည်း သိရသည်။
လက်ရှိ လူသားများ၏ အလွန်အကျွံ ဖမ်းဆီးမှု၊ မဆင်မခြင် အမှိုက်စွန့်ပစ်မှုကြောင့် မျိုးသုဉ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ရေငံနှင့် ရေချိုနေ နို့တိုက်သတ္တဝါများဖြစ်သည့် လင်းရှူးနှင့် ဧရာ၀တီလင်းပိုင်များကို ထိန်းသိမ်းရန် အရေးတကြီးလိုအပ်နေကြောင်း သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း သူများက အသိပေးထားသည်။
“ လင်းပိုင်တို့ လင်းရှူးတို့ အပါအဝင် တခြား ရှားပါးမျိုးစိတ်တွေ မြန်မာနိုင်ငံမှာ အများကြီး ရှိပါတယ်။ အဲဒီမျိုစိတ်တွေကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်တာတွေ မလုပ်နိုင်အောင် အကောင်အထည်ဖော်ရပါမယ်။ အဲဒီလိုမှ မဟုတ်ရင် ကျတော်တို့ရဲ့ မျိုးရင်း ရှားပါးတိရစ္ဆာန်လေးတွေ ရှိတော့မှာ မဟုတ်ပါဘူး ” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သူတစ်ဦးက ပြောသည်။
ဧရာဝတီလင်းပိုင်များသည် ဘက်ထရီရှော့ခ်တိုက် ဖမ်းဆီးခံရခြင်းနှင့် ဆေးခတ်ဖမ်းဆီးခြင်းများအပြင် ရွှေတူးဖော်ခြင်းမှထွက်သည့် ပြဒါး၊ ဆိုင်ယာနိုက်၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ စက်ရုံနှင့် ရေယာဉ်ကြီးများမှ စွန့်ပစ်ပစ္စည်းများနှင့် အကြွင်း အကျန်ပစ္စည်းများကြောင့် လင်းပိုင်သားပေါက်ငယ်များနှင့် ကိုယ်ဝန်ဆောင်လင်းပိုင်မတို့ သေဆုံး မှုများလည်း ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။
အပြည်ပြည် ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအဖွဲ့ (Intemational Union for the Conservation of Nature – IUCN) ၏ အနီရောင်စာရင်းတွင် မျိုးသုဉ်းရန် အလွန် နီးစပ်သောအဆင့်အဖြစ် ဧရာဝတီလင်းပိုင်များကို သတ်မှတ်ထားသည်။