ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် စစ်သုံ့ပန်းအရာရှိကြီးအချို့နှင့် စစ်တပ်သတင်းပေးများအပါအဝင် စုစုပေါင်း ၁၇ဦး သေဆုံးခဲ့ ကြောင်း သိရသည်။
စက်တင်ဘာရှစ်ရက်၊ည ခုနှစ်နာရီမထိုးမီ စစ်တပ်က ပေါက်တောမြို့နယ်၊ရှင်ရွာရွာကို ဂျက်တိုက် လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသော နေရာတစ်နေရာသို့ ဗုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ရက္ခိုင့်တပ်တော်AA က စက်တင်ဘာကိုးရက်၌ သတင်းထုတ်ပြန်သည်။
သေဆုံးသွားသူများထဲတွင် စစ်ကောင်စီ၏ သုံ့ပန်းများထဲမှ ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသော အရာရှိကြီးတချို့၊ စစ်ကောင်စီ၏ သတင်းပေးများနှင့် AA၏သတင်းများကို စစ်ကောင်စီထံပေးပို့နေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူအချို့၊ ပြစ်ဒဏ်ကျခံနေရသူအချို့ ၊ အကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူအချို့၊ ကျန်းမာရေးဝန်ထမ်းအချို့၊ အနီးဝန်းကျင်ရှိ အရပ်သားပြည်သူနှင့် ကလေးအချို့ပါဝင်ကြောင်း သိရသည်။
သေဆုံးသူများထဲတွင် စစ်သုံ့ပန်း ခုနှစ်ဦး ပါဝင်ပြီး အလတ်စားနှင့် အပြင်းစား စိုးရိမ်ရဒဏ်ရာရသူ ၁၀ဦး ရှိကြောင်းလည်း AA ကဆိုသည်။
စက်တင်ဘာလခြောက်ရက်ကလည်း စစ်တွေမြို့၊ အမှတ် ၁၂ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတို့မှ ပေါက်တောမြို့တွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ့ နေအိမ်အချို့ ပျက်စီးခဲ့သေးကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် နိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသော မြို့ရွာများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံး၊ ဈေး စသည့် နေရာများကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတို့ အစုလိုက်အပြုံလိုက် သေဆုံးသောဖြစ်စဉ်များ နေ့စဉ်ရက်ဆက် ဖြစ်ပျက်လျက်ရှိကြောင်း AA ကထုတ်ပြန်ထားသည်။