By Nway / MPA
စစ်သင်တန်းဆင်း ရဲဘော်၁၈၀ကျော်စလုံးကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း မြိုင်ပကဖထံက သိရသည်။
ပခုက္ကူခရိုင် မြို့နယ်အသီးသီးမှ ရဲဘော် ၁၈၂ဦးပါဝင်သော အခြေခံစစ်သင်တန်းအမှတ်စဥ် သုံး အဖြစ် နှစ်လခွဲကြာ စစ်သင်တန်းပေးခဲ့ကာ စက်တင်ဘာ ခုနှစ်ရက်တွင်သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း မြိုင်ပကဖက စက်တင်ဘာ၉ရက်၌ ထုတ်ပြန်ထားသည်။
“ သင်တန်းဆင်း ရဲဘော် ၁၀၀ ကျော်လုံးကို လက်နက်တပ်ဆင်ပေးပြီးသွားပြီ။ နောက်ပိုင်းမှာ သူတို့ကို မွမ်းမံသင်တန်းတွေ ထပ်ပြီး ပေးသွားဖို့လည်းရှိတယ်” ဟု မြိုင်ပကဖခေါင်းဆောင် ဗိုလ်လက်ျာက MPA ကို ပြောသည်။
မြိုင်မြို့နယ်တွင်သာမက ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင်လည်း စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်တင်တော့မည်ဖြစ်ကြောင်းလည်း ဗိုလ်လက်ျာက ပြောသည်။
“ မြိုင်မြို့ကိုရဖို့လောက်ကို မမှန်းတော့ဘူး။ မြိုင်မြို့ဆိုတာ နိုင်ပြီးပြီလို့ကို ပြောလို့ရတယ်။ ထောက်ကင်းတွေနဲ့ ဝိုင်းထားပြီးသား။ အခုက မြိုင်မြို့တင်မဟုတ်တော့ဘူး။ ခရိုင်အတွင်းမှာရှိတဲ့ တခြားသောမြို့နယ်တွေအထိ လှုပ်ရှားဖို့ရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
မြိုင်ပကဖသည် အခြေခံစစ်သင်တန်းများကို ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ပြီး အင်အားကောင်း၍ စည်းစနစ်ကျသော တပ်ဖြစ်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းစစ်သင်တန်းဆင်းပွဲသို့ မြိုင်ပကဖတာဝန်ခံ၊ ပေါက်အုပ်ချုပ်ရေး၊ ကာကွယ်ရေးတာဝန်ခံနှင့် ကမ္မတပ်ပေါင်းစု တာဝန်ခံများ တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။