By Ko Paing / MPA
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီအမာခံရွာဖြစ်သည့် ခုန်တိုင်ရွာထဲသို့ စစ် ကောင်စီတပ် ဝင်ရောက်တပ်စွဲကာ ရွာသား၄၀ကျော်ကို ဖမ်းဆီးထားကြောင်း သိရသည်။
စက်တင်ဘာကိုးရက်၊ ညရှစ်နာရီကျော်တွင် စစ်သားအင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာ သောစစ်တပ်သည် မင်းတုန်းမြို့နယ်၊ခုန်တိုင်ကျေးရွာရှိ ရွာလယ်ခေါင်နေအိမ်များ၌ ဝင်ရောက်တပ်စွဲကာ ယင်းရွာခံအမျိုးသား၊အမျိုးသမီး စုစုပေါင်း ၄၀ကျော်ကိုဖမ်းဆီးထားကြောင်း မင်းတုန်းမြို့နယ်ပကဖ ထံက သိရသည်။
“အခုည(စက်တင်ဘာကိုးရက်)အထိတော့ မီးရှို့တာမရှိသေးဘူး။ထွက်ပြေးတဲ့သူတွေကိုတော့ လိုက်ခေါ်ခိုင်းတယ်။အကယ်၍ ပြန်မလာရင် PDF လို့ သတ်မှတ်ပြီး နေအိမ်ကို မီးရှို့မယ်လို့ခြိမ်းခြောက်ထားတယ်” ဟု မင်းတုန်းမြို့နယ်ပကဖ တာဝန်ခံ ကိုဗဟိန်းက MPAသို့ ပြောသည်။
ခုန်တိုင်ရွာခံ စစ်တပ်လူယုံများကို ထွက်ပြေးသွားသော ရွာသားများအား ရွာထဲပြန်လာရန် လိုက်လံ ခေါ်ခိုင်းနေကြောင်း သိရသည်။
ယင်းစစ်ကြောင်းသည် တောင်လတ်ရွာနှင့်ဖြူကန်ရွာတို့မှ စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး လက်ရှိတွင် ခုန်တိုင်ရွာအတွင်းရှိ အိမ်မွေးတိရိစ္ဆာန်များကို သတ်ဖြတ်စားသောက်နေကြကာ အနီးဝန်းကျင်ရှိ ပြည်သူများ စစ်ရှောင်နေကြသည်ဟုထင်သော နေရာများသို့ လက်နက်ကြီးဖြင့် မကြာခဏဆိုသလို ပစ်ခတ်နေကြောင်းသိရသည်။
“ခုန်တိုင်က အရင်ကတော့ ကြံ့ခိုင်ရေး ထောက်ခံတဲ့ရွာ။ကျတော်တို့ ဝင်ပြီးစည်းရုံးရေးဆင်းမှ အမှန်တရားကို သိခါစအချိန်မှာ စစ်တပ်က ပြန်ပြီး ချော့တစ်လှည့် ခြောက်တစ်လှည့် ပြန်စည်းရုံးရေးဆင်းတာပါ။ဒါပေမဲ့လည်း ရွာမှာရှိတဲ့ ကြက်၊နွား၊ဝက် စိတ်ရှိတိုင်းသတ်စားနေတာကို ရွာသားတွေလည်း လက်တွေ့မြင်ခဲ့ပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
စက်တင်ဘာကိုးရက်၊နေ့ခင်း ၁၂ နာရီကျော်ကလည်း မင်းတုန်းမြို့နယ်တောင်ပိုင်းရှိ ရွာသစ်ကျေးရွာကို စစ်တပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ စာသင်ကျောင်းနှင့်နေအိမ်အချို့ ပျက်စီးသွားသေးကြောင်းသိရသည်။