By Ko Paing / MPA
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း ခရီးသွားယာဉ်များပေါ်မှ လူငယ်များကို ပေါ်တာဆွဲသော စစ်သားများအား တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာကိုးရက်၊ ညနေခြောက်နာရီခွဲခန့်တွင် နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးရွာအနီး ရှောင်တခင်ဂိတ်ချကာ ခရီးသွားယာဉ်များကို တားဆီးစစ်ဆေးပြီး လူငယ်များအား ပေါ်တာဆွဲသော စစ်သားများ နတ်မောက်မြို့သို့အပြန် တော်လှန်ရေးတပ်တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း OPRF-PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု ထံက သိရသည်။
“သူတို့အင်အားကို ခန့်မှန်းရခက်တယ်။သူတို့မှာ ကား တစ်စီးနဲ့ကျန်တာ ဆိုင်ကယ်တွေ။သမှုန်းကုန်းရွာနားမှာ ခရီးသွားယာဥ်တွေမှာ လူငယ်တွေပါ တစ်ခါထဲ စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖို့လုပ်နေတာ။အဲ့ကောင်တွေ နတ်မောက်ကို အပြန်မှာ ကုလားရှင်ရွာနဲ့ သမှုန်းကုန်းကြီးရွာကြားမှာ စောင့်ပြီးပစ်ခတ်တာပါ။အပြန်လှန်ပစ်ခတ်မှုကတော့ မိနစ် ၂၀ ပဲကြာတယ်။ထိခိုက်သေဆုံးမှုတော့ရှိတယ်။မသေချာတော့ မပြောချင်ဘူး” ဟု OPRF-PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု တာဝန်ခံ ရဲဘော်ကျော်ကြီးက MPAသို့ ပြောသည်။
နတ်မောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သည် ရှောင်တခင်ဂိတ်ချစစ်ဆေးပြီး ခရီးသွားယာဉ်များပေါ် လိုက်ပါလာသည့်လူငယ်များအား တွေ့ပါက စစ်မှုထမ်းရန် ပေါ်တာဆွဲလေ့ရှိ ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို OPRF-PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုနှင့်အတူ ငါးပြေမတပ်ဖွဲ့၊ကြိုးကြာနီတပ်ဖွဲ့၊ကျားသစ်နက်တပ်ဖွဲ့၊နတ်မောက်ပကဖနှင့်မြို့သစ်ပကဖတို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။