By Poesangle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့တွင် စစ်ကောင်စီတပ်က ကုန်တင်ကား အစီး ၂၀နီးပါးကို ချောဆွဲခဲ့ပြီး ၎င်းတို့အသုံးပြုမှုကြောင့် ပျက်စီးခဲ့သည့် ကားများအတွက် လျော်ကြေးပေးခြင်းမရှိကြောင်း မျက်မြင်တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာ ခုနှစ်ရက်က ရန်ကုန်၊ မန္တလေးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမှ လားရှိုးမြို့သို့တက်လာသည့် ကုန်တင်ကားများနှင့် ကားသမားများကို စစ်ကောင်စီတပ်က ချောဆွဲထားသည့်အပြင် မန်လီတံတားသို့လည်း ယာဉ်များ ဖြတ်သန်းခွင့်မပြုတော့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ထို့ပြင် သီပေါမြို့ရှိ ခလရ ၅၀၃/၅၀၄ တပ်ရင်းများ၌ စစ်ကောင်စီ စစ်အင်အား ဖြည့်တင်းမှုများပြုလုပ်နေပြီး နမ့်လန်မြို့တွင် ချောဆွဲထားသည့်ကားများကို စစ်သားနှင့် လက်နက်ပစ္စည်းများတင်ရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“ ပလောင်၊ ကိုးကန့်၊ “ ၀” ဆို အရမ်းစစ်တယ်။ လားရှိုးမှာ နေထိုင်တာမှန်ကန်ကြောင်း ထောက်ခံစာရှိရတယ်။ တချို့ဆို အတော်လေးညှိယူရတာ၊ ငွေတော့နည်းနည်းကုန်မှာပေါ့၊ စက်တင်ဘာ ခုနှစ်ရက် သူတို့(စစ်တပ်) ချောဆွဲထားတဲ့ကား ယာဉ်တိုက်မှုဖြစ်လို့ ကားပိုင်ရှင်က အလျော်တောင်းတာ မပေးဘူးတဲ့၊ ကျတော့် သူငယ်ချင်း နာနတ်သီးတင်တဲ့ကား တောင် ချောဆွဲထားတာ ဒီနေ့အထိ ပြန်မပေးသေးဘူး” ဟု ဖြစ်စဉ်အား သိရှိသူ နမ့်လန်မြို့ခံ၊ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် သီပေါမြို့ရှိ စစ်ကောင်စီတပ်သည် ကုန်တင်ကား ချောဆွဲမှုများ ပြုလုပ်နေသည်မှာ နှစ်ပတ်ကျော်ခန့်ရှိပြီဖြစ်သလို ဝမ်ဟိုင်းနှင့် မန်လီရွာဘက်တွင် စခန်းချထားသည့် စစ်ကောင်စီတပ်က သီပေါမြို့ပေါ်သို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်မှုများရှိကြောင်း ၎င်းက ပြောသည်။
သီပေါမြို့အတွင်း စစ်ကောင်စီ ချောဆွဲသည့် ကားများသည် ခြောက်ဘီးကားနှင့် ကုန်တင်ကားများကို ချောဆွဲခြင်းဖြစ်ပြီး နမ့်လန်မြို့ ကြူတောရပ်ကွက်၌ ဂိတ်ချကာ အခြားကားများကိုလည်း ငွေကြေးကောက်ခံမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
“ နမ့်လန်မြို့က ကုန်တင်ကားတွေ ခရီးသည်တင်ကားတွေ အဓိက အသုံးပြုတဲ့ လမ်းပိုင်းဖြစ်တယ်။ အရင်က မန်လီတံတားမှာ စစ်တပ်မရှိဘူး။ အခုပြန်ရောက်လာပြီ၊ ခလရ ၂၄၃ တပ်စခန်းက စစ်အင်အားလည်း အတော်ဖြည့်ထားတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းကနေ ဖြတ်လာတဲ့ စစ်သားတွေပေါ့၊ အမြှောက်ကားတွေ၊ ကရိန်းတွေလဲ ရှိတယ်” ဟု သီပေါမြို့ ဒေသခံတစ်ဦးက ပြောသည်။
မန်လီတံတားသည် နမ့်လန်မြို့နှင့် ၁၂မိုင် အကွာတွင်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်ထားသည့် နေရာတစ်ခုဖြစ်သည်။
လက်ရှိ နမ့်လန်မြို့အနီးအနားသို့ ကိုးကန့်တပ်များ ရောက်ရှိလာသည်ဆိုသည့် သတင်းကြောင့် စစ်ကောင်စီက သီပေါမြို့ဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေသည့်အပြင် မိုင်းခေး-မိုင်းရယ် လမ်းပိုင်း၌လည်း စစ်အင်အား ဖြည့်တင်းနေကြောင်း သိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ကိုးရက်က သီပေါမြို့ကို တအာင်းတပ်မတော် – TNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ် ၁၀ ရက်တွင် မြို့အား ထိန်းချုပ်နိုင်ခဲ့သော်လည်း ခမရ ၅၀၃/၅၀၄ နှင့် ခြေလျင်တပ်ရင်း ခလရ-၂၃ တို့ကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။