By Ra Wai / MPA
MNDAA အုပ်ချုပ်နေသော လားရှိုးမြို့ကို စစ်ကောင်စီတပ် ယနေ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ပြည်သူ၁၂ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
စက်တင်ဘာကိုးရက်၊နံနက် ၁၀ နာရီ ၂၃ မိနစ် နှင့် ၁၀ နာရီ ၃၀ မိနစ်ခန့်တို့တွင် စစ်ကောင်စီတပ်က လားရှိုးမြို့၊ရပ်ကွက်တစ်ထဲသို့ လေကြောင်းမှ ဗုံးနှစ်လုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း MNDAA ကသတင်း ထုတ်ပြန်သည်။
“လားရှိုးမြို့ပေါ်မှာ ကျန်းမာရေးနဲ့ ဆက်သွယ်ရေးကွန်ရက် ပြန်ကောင်းလာပြီ။လျှပ်စစ်မီးလည်း လား ရှိုးမြို့နေရာတချို့မှာ ပြန်ရပြီလို့ MNDAAက စက်တင်ဘာခုနှစ်ရက်မှာ ထုတ်ပြန်တယ်။အဲဒါပြီးနောက် ပိုင်း စစ်တပ်က ဗုံးကြဲတော့တာပဲ” ဟု လားရှိုးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ ပြောသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း MNDAAက ဆိုသည်။
“မစားရတဲ့အမဲ သဲနဲ့ပက်တာပါပဲ။စစ်တိုက်လို့ရှုံးတော့ ပြည်သူကို ဒုက္ခပေးတာ။ MNDAA နဲ့TNLA အုပ်ချုပ်တဲ့မြို့က ပြည်သူတွေ ကျီးလန့်စာစားဖြစ်နေအောင် ယုတ်မာနေတာ”ဟု ၎င်းက ဆက်လက် ပြောသည်။
စက်တင်ဘာရှစ်ရက်၊ နံနက်လေးနာရီခန့်တွင်လည်း လားရှိုးမြို့၊မိုးလုံလေလုံအားကစားကွင်း နှင့် Silver Skyဟိုတယ် အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
လားရှိုးမြို့၏ ကျန်းမာရေးနှင့်ဆက်သွယ်ရေးကဏ္ဍမှာ တဖြည်းဖြည်းတိုးတက်ကောင်းမွန်လာပြီး စက် တင်ဘာခြောက်ရက်ညနေတွင် လားရှိုးမြို့နေရာအချို့၌ လျှပ်စစ်မီးပြန်လည်ရရှိပြီဟု MNDAA က ထုတ်ပြန်ထားသည်။