By Sayar Ngaat/ MPA
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေပြီး လူသေဆုံးမှုပင် ဖြစ်ပေါ်နေကြောင်း ကူညီပေးနေသည့် ပရဟိတအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ လှိုင်သာယာမြို့နယ်၌ ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေခြင်းဖြစ်ပြီး လက်ရှိ အချိန်ထိ ပျောက်ကင်းခြင်းမရှိသေးဘဲ၊ ယင်းရောဂါကြောင့် သေဆုံးသူ ၂၀ခန့်ထိ ရှိလာကြောင်း မေတ္တာမြိုင်ပရဟိတ လူမှုကူညီရေးအသင်း ခွဲ(၄)မှ ကိုဇော်လေးက ပြောသည်။
“ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ဖြစ်နေတာပါ၊ ကျတော်တို့ ကူညီပို့ဆောင်ပေးလိုက်တဲ့ လူနာ ငါးဦးမှာဆို သုံးဦးလောက်သေဆုံးတယ်။ ရောဂါအခံရှိတာလည်း ပါတာပေါ့၊ ရောဂါအခံရှိတဲ့ သူတွေနဲ့ အသက်ကြီးတဲ့သူတွေဆို သေဆုံးတာ များတယ် ” ဟု ကိုဇော်လေးက ပြောသည်။
ထို့ပြင် လှိုင်သာယာမြို့နယ်အတွင်း လူဦးရေထူထပ်ပြီး၊ အဆောင်များ များပြားသည့်အပြင် တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ အစားအသောက်မသန့်ရှင်းခြင်းများကြောင့် ယင်းကဲ့သို့ ဝမ်းရောဂါကူးစက်မှု ဆိုးရွားခြင်းဖြစ်နိုင်ကြောင်း ကိုဇော်လေးက ဆက်လက်ရှင်းပြသည်။
လက်ရှိ လှိုင်သာမြို့နယ်အတွင်း ၁၄ရပ်ကွက်၊ ၁၈ ရပ်ကွက်၊ ၁၉ ရပ်ကွက်၊ အရှေ့ဗဒံ၊ ပင်လုံစျေး၊ ရိုးကြီး၊ ရိုးလေစသည့် ရပ်ကွက်များအပါအဝင် ရပ်ကွက်အများစု၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
” အဖြစ်များတာကတော့ ရိုးကြီး၊ ရိုးလေးဘက်တွေမှာ အဖြစ်များတယ်။ ရပ်ကွက်တိုင်းမှာ ဝမ်းရောဂါဖြစ်နေတဲ့သူ နှစ်ဦး၊ သုံးဦးကတော့ ရှိနေတယ်။ ဝမ်းရောဂါဖြစ်တယ်ဆိုပြီး ကြေညာတာ ရှိပေမဲ့ ဝမ်းရောဂါဖြစ်တာကနေ ကာကွယ်နိုင်အောင် ကန့်သတ်ထားတဲ့အရာတွေတော့ မရှိသေးပါဘူး ” ဟု ရိုးကြီးရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ယခုနှစ် ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ ရန်ကုန်တိုင်းအတွင်း လှိုင်သာယာ၊ သာကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း စသည့်မြို့နယ်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားလျက်ရှိကြောင်း ရန်ကုန်မြို့ခံပရဟိတအသင်းများထံမှ သိရသည်။
” တချို့ကျတော့လည်း ဆေးခန်းကို မသွားကြဘဲ နီးစပ်ရာ ဆေးဆိုင်ကနေ ဆေးကို အလွယ်တကူ သောက်ကြတာတွေ ရှိတယ်။ လုံးဝမရတော့ဘူးဆိုမှ ရောက်လာကြတယ်။ အဲဒီအချိန်မှာ pressure က အရမ်းကျနေပြီ၊ ဘယ်လိုမှ မရတော့ အသက်ဆုံးရှုံးရတာတွေလည်း ရှိပါတယ် ” ဟု ရန်ကုန်မြို့မှ ဆရာဝန်တစ်ဦးက ပြောသည်။
ယင်းအပြင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် နေ့စဉ် ဆေးခန်းသို့ လာပြသည့် လူနာသည် အနည်းဆုံး ၂၀ မှ ၃၀ ခန့်ရှိ နေသည့်အတွက် ယင်းရောဂါဖြစ်ပွားပါက မပေါ့ဆသင့်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
” လှိုင်သာယာမြို့နယ်ရဲ့ အရှေ့ပိုင်းရပ်ကွက်တွေမှာတော့ ပြီးခဲ့လတုန်းက လက်သုပ်သည်တွေ မဖွင့်ရဘူးဆိုပြီး ကန့်သတ်ထားတာမျိုးတွေ ရှိတယ်။ ကျတော်တို့ဘက်မှာတော့ ဝမ်းရောဂါနဲ့ ပက်သတ်ပြီး ကြေညာတာမျိုးပဲ ရှိသေးတယ်။ ကန့်သတ်ထားတာမျိုးတော့ မရှိသေးပါဘူး ” ဟု ၁၉ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေးနှင့် ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်များရှိ သောက်သုံးရေများကို ကလိုရင်းဆေးခတ်ခြင်း၊ ရောဂါကူးစက်မှုဟန့်တားနိုင်ရန် Contact Treatment တိုက်ကျွေးခြင်းများ ဆောင်ရွက်နေသည်ဟု စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၃ရက်တွင် ထုတ်ပြန်ထားသော်လည်း လက်ရှိအချိန်ထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေဆဲဖြစ်သည်။