By Ra Wai / MPA
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာနှစ်ရွာကို သန်းခေါင်ကျော်အချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သွားကြောင်းသိရသည်။
ယနေ့ (စက်တင်ဘာရှစ်ရက်) နံနက် တစ်နာရီဝန်းကျင်တွင် မြင်းခြံမြို့နယ်၊ ပျားကျေးရွာသို့ ဗုံးသီးတစ်လုံးနှင့် ဆူးရစ်ကုန်းကျေးရွာသို့ ဗုံးသီး သုံးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။
” တိုက်ပွဲမရှိဘူး။ ဒီဘက်မှာ တိုက်ပွဲဖော်ဆောင်မှုလည်းမရှိဘဲနဲ့ အကြောင်းမဲ့သက်သက် ရွာတွေကို လိုက်ကြဲနေတာပေါ့ ” ဟု မြင်းခြံမြို့နယ်အရှေ့ခြမ်းနေ ဒေသခံအမျိုးသားတစ်ဦးက MPA သို့ပြောသည်။
ပျားရွာသို့ ဗုံးကြဲတိုက်ခိုက်မှုတွင် ရွာပြင်သို့ ဗုံးကျသဖြင့် ထိခိုက်ပျက်စီးမှုမရှိသော်လည်း ဆူရစ်ကုန်းရွာ၌ နေအိမ်ပျက်စီးမှုများရှိကြောင်း ၎င်းကပြောသည်။
” ပျားရွာက ကြားထဲမှာ အပင်တွေခံနေတော့ အပင်တွေပဲမှန်တာ။ ဆူးရစ်ကုန်းကတော့ အိမ်အမိုးတွေ ပွင့်သွားတာရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာငါးရက်ကလည်း ဆူးရစ်ကုန်းရွာသို့ ဗုံးတစ်လုံးကြဲချခဲ့ရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။