By Ko Paing / MPA
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် စစ်ကောင်စီတပ် သုံးကြိမ် တိုက်ခိုက်ခံရပြီးနောက် ဆုတ်ခွာပြေးသွားကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) ထံကသိရသည်။
စက်တင်ဘာခြောက်ရက်၊ နံနက် ငါးနာရီဝန်းကျင်၌ ကျောက်ဂူရဲစခန်းကို နှစ် နာရီကျော်ကြာသွားရောက်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ နှစ်နာရီခန့်နှင့် သုံးနာရီကျော်တို့တွင် ရပ်စောက်မြို့မှ စစ်ကူလာသည့် စစ်ကြောင်းနှင့် ထပ်မံ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း DPLF/DPLA မှ သတင်းပြန်ကြားရေး တာဝန်ခံ အမောင် က ပြောသည်။
“ရဲစခန်းကိုသွားတိုက်တာ နှစ်နာရီလောက်ကြာတယ်။မွန်းလွဲ ၁နာရီ ၅၀ မှာသူတို့(စစ်ကောင်စီ)ဘက်ကစစ်ကူလာတဲ့အဖွဲ့ကို ရဲစခန်းနားမှာပဲဖြတ်တိုက်တယ်။ပြန်ဆုတ်ပြီး အင်အားဖြည့်ပြီး တစ်ခါ စစ်ကြောင်းပြန်ထိုးလာကိုလည်း ထပ်ပြီး ကြားဖြတ်တိုက်ခိုက်ပါသေးတယ်။တိုက်ပွဲအတွင်းမှာ သူတို့ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။သူတို့ အင်တောဘက်ကို ပြန်ဆုတ်သွားပါတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
အင်တောဘက်သို့ ဆုတ်ခွာသွားသော ယင်းစစ်ကြောင်းသည် ညနေခြောက်နာရီခန့်တွင် ၆၀(မမ) လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ကျောက်ဂူဒေသဟာ ရှမ်းတောင်၊ရှမ်းမြောက်လမ်းရဲ့ အရေးပါတဲ့နေရာမှာရှိသလို ပြည်မဘက်ကို ဆင်းဖို့လည်း အဆင်ပြေတဲ့နေရာဆိုတော့ စစ်ရေးအရ အရေးပါတဲ့ဒေသတစ်ခုပါ” ဟု အမောင် ကဆက်လက်ပြောသည်။
အဆိုပါတိုက်ပွဲများအတွင်းမှ DPLF/DPLA ရဲဘော်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
သြဂုတ်ရှစ်ရက်တွင် ကျောက်ဂူဒေသ၌ စစ်ကောင်စီတပ်နှင့် DPLA တို့တိုက်ပွဲဖြစ်ပွားရာ စစ်သားကိုး ဦးသေဆုံးပြီး စစ်သုံ့ပန်း ရှစ်ဦးနှင့် လက်နက်မျိုးစုံ ၁၉ လက်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

