By Nway / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးပင်ရွာရှိ တော်လှန်ရေးရဲဘော်တို့၏ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယနေ့ (စက်တင်ဘာခြောက်ရက်) နံနက် ရှစ်နာရီကျော်တွင် တောင်သာမြို့နယ် ဇဂျမ်းရွာနှင့် ထနောင်းကုန်းပျူရွာတို့မှ ထွက်လာသော ရဲနှင့်ပျူစောထီးတို့သည် ရုံးပင်ရွာသို့ ဝင်ရောက်ကာ အိမ်များ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း လူထုလှုပ်ရှားမှုကော်မတီ – တောင်သာထံက သိရသည်။
“ အင်အား ၅၀ လောက်ပါတယ်။ အဓိကရှို့သွားတာက တော်လှန်ရေး ရဲဘော်တွေရဲ့နေအိမ်နဲ့ ပြည်သူ့နေအိမ်တွေပါ။ အိမ်အရေအတွက်ကိုတော့ စုံစမ်းနေဆဲပါပဲ။ သတင်းပေးလို့ လာရှို့တဲ့ပုံစံပါ” ဟု လူထုလှုပ်ရှားမှုကော်မတီ – တောင်သာ မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ရဲနှင့်ပျူစောထီးတို့ ဝင်ရောက်လာမှုကြောင့် ရုံးပင်ရွာရှိ ပြည်သူများ အရေးပေါ်ထွက်ပြေးတိမ်း ရှောင်ခဲ့ရကြောင်း သိရသည်။
“ မနက်ကတော့ တစ်ရွာလုံးရှောင်ကြရတယ်။ ခု စစ်ကောင်စီတပ်သားတွေလည်း ပြန်သွားပြီဆိုတော့ ပြည်သူအချို့ ရွာထဲပြန်ဝင်နေကြပြီ။ စကစ အင်အား ၅၀ လုံးက ဇဂျမ်းရွာမှာပဲ အထိုင်ချထားတယ်လို့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စက်တင်ဘာ ငါးရက်၊ နံနက်ငါးနာရီခန့်ကလည်း စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် သည် တောင်သာမြို့နယ်၊ စွန်းလွန်းရွာ အရှေ့ပိုင်းနှင့်အရှေ့မြောက်ပိုင်းတို့သို့ ကျရောက်ခဲ့ပြီး ပြည်သူ သုံးဦး ဒဏ်ရာရရှိခဲ့သေးသည်။
ဩဂုတ်လ ၁၀ရက်မှစတင်၍ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာမြို့နယ်များတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (MDSO) ဆင်နွှဲနေပြီး တောင်သာမြို့နယ်ရှိ ထွေအုပ်၊ မီးသတ်နှင့် ရဲစခန်းမှအပ ကျန် ဌာနဆိုင်ရာယန္တရားများ ရပ်ဆိုင်းသွားပြီဖြစ်သည်။