By Ra Wai / MPA
ယခုနှစ်အတွင်း စစ်သင်တန်းဆင်းထားသည့် ရဲဘော်၅၀ကျော်ကို လက်နက်တပ်ဆင်ပေးနိုင်ခြင်း မရှိ သေးကြောင်း Myingyan Black Tiger (MBT) အဖွဲ့ထံကသိရသည်။
မကွေးတိုင်း၊ ရေစကြိုမြို့အခြေစိုက် Myingyan Black Tiger သည် ၂၀၂၄ နှစ်စမှ စက်တင်ဘာနှစ် ရက် အထိ စစ်သင်တန်း ၁၂ ကြိမ်ပေးခဲ့ကာ PDFရဲဘော်၁၀၀ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း ယင်းသင်တန်းဆင်း ရဲဘော်တစ်ဝက်ခန့်ကိုသာ ကိုယ်တိုင်ထုတ် လက်နက်ကြီး၊ လက်နက်ငယ် များသာ တပ်ဆင်ပေးထားနိုင်ကြောင်း Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
“ အပတ်စဉ် တစ်ခုနှင့် တစ်ခု လူဦးရေတော့ မတူဘူး။ ရဲဘော်တစ်ဝက်ကိုတော့ ထုတ်လုပ်ထားတဲ့ လက်နက်တွေတပ်ဆင်ပေးထားပါတယ်” ဟု ၎င်းက MPA သို့ပြောသည်။
စစ်သင်တန်းအပတ်စဉ် ၁၂သင်တန်းဆင်းပွဲကို စက်တင်ဘာ နှစ်ရက်က ကျင်းပခဲ့ပြီး ဘဏ္ဍာငွေ လို အပ်ချက်ကြောင့် ယင်းအပတ်စဉ်မှ ရဲဘော်များအား လက်နက်တပ်ဆင်ပေး နိုင်ခြင်းမရှိသေးသဖြင့် နောက်တန်းစခန်း၌သာ ထားထားရကြောင်း သိရသည်။
“ လက်နက်တပ်ဆင်ပေးပြီးရင်တော့ ရှေ့တန်းက ရဲဘော်တွေဆီကို အင်အားထပ်ဖြည့်ဖို့ရှိပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
အပတ်စဉ် တစ်မှ ၁၂အထိ သင်တန်းဆင်း ရဲဘော်များသည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ ဖြစ်ကြပြီး အများစုမှာ ရေစကြိုနှင့် မြင်းခြံမြို့နယ်တို့က ဖြစ်ကြောင်းသိရသည်။






