By Nway / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ရွာနှစ်ရွာကို စစ်တပ်က အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခဲ့ရာ လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စက်တင်ဘာငါးရက်၊ ညနေငါးနာရီခွဲခန့်တွင် နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်းရွာနှင့်ဖလံကုန်း ကျေးရွာတို့ကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးခြောက်လုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
“ ဆူးရစ်ကုန်းကို ဂျက်ဖိုက်တာနဲ့ သုံးခေါက်ပတ်ပြီး ပထမအကြိမ်မှာ သုံးလုံး၊ ဒုတိယအကြိမ်မှာ နှစ်လုံးကြဲချတာ နေအိမ်သုံးလုံးပျက်စီးသွားတယ်။ ပြီးတော့ ဖလံကုန်းကျေးရွာကို တစ်လုံးကြဲတယ်။ ဆူးရစ်ကုန်းရွာက အသက် ၁၈ အရွယ်အမျိုးသားတစ်ဦး နောက်ကျောဗုံးစထိမှန်တယ်” ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သတင်းပြန်ကြားတာဝန်ခံက MPA ကို ပြောသည်။
စက်တင်ဘာငါးရက်၊ နံနက်ငါးနာရီခန့်ကလည်း တောင်သာမြို့နယ်၊ စွန်းလွန်းရွာ အရှေ့ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ သုံးဦးထိခိုက်ခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၉ရက်တွင် ရန်ကုန် – မန္တလေးအမြန်လမ်းမ အနောက်ဘက် တစ်မိုင်ခန့်အကွာ ကုက္ကိုသီးကျေးရွာရှိ လုံခြုံရေးတပ်စခန်းကို PDFတို့ တိုက်ခိုက်ပြီး မကြာမီ စစ်တပ်က ယင်းစခန်းအနီးရှိ ဆူးရစ်ကုန်းကျေးရွာနှင့် ကုက္ကိုသီးကျေးရွာတို့အား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဆူးရစ်ကုန်းရွာက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သေးသည်။
မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဖော်ဆောင်လျက်ရှိပြီး စစ်ဆင်ရေးစတင်သည့် ဩဂုတ် ၁၀ရက်နေ့တွင် နွားထိုးကြီးမြို့ကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ ယင်းနေ့၌ပင် မြို့မှ ပြန်လည်ဆုတ်ခွာခဲ့သည်။