By Poe Sngle / MPA
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို တအာင်းတပ်မတော်-TNLA က ထိန်းချုပ်ထားနိုင်သော်လည်း စစ်ကောင်စီ၏ ခလရ ၅၀၃/၅၀၄ နှင့် ခလရ ၂၃ တပ်ရင်းတို့ ကျန်ရှိနေသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ကိုးရက်တွင် သီပေါမြို့၌ TNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီးနောက် TNLA ပူးပေါင်းတပ်က ဩဂုတ် ၁၀ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ သိမ်းပိုက်ထားနိုင်သော်လည်း စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ဒေသခံပြည်သူများ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ မကြာခဏ ဖြစ်ပွားနေသည်။
ယနေ့(စက်တင်ဘာ ငါးရက်)၊ မနက် ကိုးနာရီခွဲတွင်လည်း နမ့်လန်မြို့အခြေစိုက် စစ်ကောင်စီစခန်းမှ သီပေါမြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် အသက် ၇၂နှစ်အရွယ် ဦးလုံးစိတ သေဆုံးခဲ့ပြီး အသက် ၇၂ နှစ်အရွယ် ဒေါ်နန်းရွက်လူ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ နမ့်လန်မြို့ကနေ လက်နက်ကြီးတွေ နေ့တိုင်းလိုလိုပစ်တယ်။ ဒီနေ့လည်း လက်နက်ကြီးကျလို့ အမျိုးသားတစ်ယောက် နေရာမှာတင်သေသွားတယ်။ အမျိုးသမီးတစ်ယောက်ကတော့ ခြေထောက် နှစ်ဖက်လုံးပြတ်ထွက်သွားတယ်။ စက်တင်ဘာ လေးရက်မှာတော့ သီပေါမှာကျန်နေသေးတဲ့ တပ်စခန်းတွေအတွက် လေယာဉ်နဲ့ ရိက္ခာတွေ၊ လက်နက်တွေ လာပို့သွားတယ်” ဟု သီပေါမြို့အတွင်း ပရိဟလုပ်ငန်းများ လုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၅ရက်မှစတင်ကာ သီပေါမြို့တွင် တိုက်ပွဲများ ငြိမ်သက်ခဲ့သော်လည်း စစ်ကောင်စီလက်နက်ကြီးများ ပစ်ခတ်နေမှုကြောင့် မြို့တွင်းကျန်ရှိနေသည့် ဒေသခံအချို့ ထပ်မံတိမ်းရှောင်နေရကြောင်းလည်း သိရသည်။
သီပေါမြို့အတွင်း စစ်ကောင်စီတပ်မရှိသော်လည်း မြို့အနီးအနားတွင် တပ်ရင်းနှင့် တပ်စခန်းများကျန်ရှိနေကာ၊ စစ်တပ်က နေ့စဉ်နီးပါး မြို့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ဩဂုတ် ၃၁ရက်တွင် ညောင်ကိုးပင်ကျေးရွာမှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သေးသည်။
ထို့ပြင် စင်တင်ဘာ တစ်ရက်နေ့တွင်လည်း စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် သီပေါမြို့နယ်၊ ကုံးစုံရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ကျရောက်ကာ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့သည်။ စက်တင်ဘာ သုံးရက်တွင်လည်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့မှ နောင်ချိုမြို့နယ်သို့ ပြန်လာသည့် အမျိုးသားတစ်ဦးသည် သီပေါမြို့နယ်၊ နားမခေါ်ရွာအနီး၌ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် သေဆုံးခဲ့ပြီး ၎င်းနှင့်အတူလိုက်ပါလာသည့် အမျိုးသားတစ်ဦးလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။
” စစ်တပ်က မြို့ထဲကို လက်နက်ကြီးတွေပစ်နေတော့ ဒေသခံတွေလည်း မနေရဲတော့ဘူး။ ဘေးလွတ်ရာကို ထွက်ပြေးသွားကြပြီ၊ တိုက်ပွဲငြိမ်နေပေမဲ့ စစ်တပ်က လက်နက်ကြီးတွေ လျှောက်ပစ်နေတော့ ကျောက်မဲ၊ နမ့်လန်တို့ကိုပြေးတယ်။ ပြီးရင် သီပေါမြို့နဲ့ မနီးမဝေးရွာတွေကို ထွက်ပြေးကြတယ်။ အရေအတွက်တော့ ခန့်မှန်းရခက်တယ်” ဟု သီပေါမြိုု့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ဩဂုတ် ကိုးရက်မှ စက်တင်ဘာ ၅ရက်အထိ သီပေါမြို့အတွင်း စစ်ကောင်စီ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် သေဆုံးသူ ၃၀နီးပါးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၉ ဦးရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရသိရသည်။
လက်ရှိ သီပေါမြို့နယ်အတွင်းရှိ ပြည်သူများကို နယ်စည်းမခြားပရဟိတအသင်း (သီပေါ) ကကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်ပေးလျက်ရှိပြီး ဇူလိုင် တစ်ရက်မှ စက်တင်ဘာ တစ်ရက်အထိ လူနာ ၉၀၀ ကျော်ကို အခမဲ့ ဆေးကုသပေးခဲ့ကာ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၀ကျော်ကိုလည်း မွေးဖွားပေးနိုင်ခဲ့ကြောင်း စက်တင်ဘာ ငါးရက်တွင် ထုတ်ပြန်ထားသည်။
အလားတူ စက်တင်ဘာ လေးရက် ၊ ညနေ ငါးနာရီခန့်တွင်လည်း စစ်ကောင်စီသည် နောင်ချိုမြို့နယ်၊ မဲပုတ်ကျေးရွာသို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းကြောင့် ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်းနှင့် နေအိမ် ငါးလုံးပျက်စီးခဲ့သည်။
“ဩဂုတ် ၂၉ရက်က ရွှေဂူလက်ပံကုန်းရွာကို စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်ခဲ့သေးတယ်။ အဲ့ဒီမှာ အရပ်သား သုံးဦးသေဆုံးသွားတယ်။ အခုတော့ မြို့ထဲမှာ ငြိမ်နေတယ်။ လေယာဉ် ခဏခဏလာဝဲတာတော့ရှိတယ်။ လူသွားလာလည်း ပုံမှန်ဘဲ၊ လမ်းတွေလည်း အကုန်ဖွင့်ထားပါတယ်။ ပိတ်ထားတာတော့ မရှိဘူး။ တောင်ခမ်းတပ်စခန်းဘက်တော့ တိုက်ပွဲက ပြင်းထန်နေတုန်းပဲပေါ့နော်” ဟု နောင်ချိုမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၈ရက်တွင် နောင်ချိုမြို့ တောင်ခမ်းကျေးရွာရှိ အမတ ၄၀၆ နှင့် အမတ ၂၀၆ တပ်စခန်းတို့ကို TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး ကွပ်ကဲမှုဌာနချုပ် ၉၀၂ နှင့် ၃၅၄ တို့ကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။