By Mandy / MPA
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ သုံးပတ်တာတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ် ၇၀ခန့်တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၃၀၀ခန့် အသုံးပြုခဲ့ကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဩဂုတ် ၁၅ရက်မှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်များသည် ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်စခန်း၊ တပ်ရင်းဌာနများကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
“ လေကြောင်းကနေ နေ့တိုင်းနီးပါး လာကြဲတယ်။ ဂျက်ဖိုက်တာနဲ့ ပစ်တယ်။ Y-12 ကနေ ဗုံးသီးတွေချတယ်။ တစ်ခါချ ၁၀လုံးလောက်အနည်းဆုံးချတယ်။ နေ့ရော ညရော သတိပြတ်လို့မရဘူး” ဟု ပင်လည်ဘူးမြို့၊ ရှေ့တန်းတစ်နေရာ၌ တိုက်ပွဲဝင်နေသည့် ရဲဘော်တစ်ဦးက MPA ကိုပြောသည်။
လက်ရှိ စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းများ တိုက်ပွဲပြင်းထန်နေသည့် ပင်လည်ဘူးမြို့သည့် ပထဝီဝင်အနေအထားအရ မြေပြင်မှ စစ်ကူပို့ရန် ခက်ခဲခြင်းကြောင့် စစ်ကောင်စီသည် လေကြောင်း အဓိကအသုံးပြုကာ ခုခံနေခြင်းလည်းဖြစ်သည်။
“ အထိအခိုက်တော့ ရှိတာပေါ့၊ ဗုံးသီးတွေ အများကြီး နေ့တိုင်း ဆက်တိုက်ချနေတာကို၊ ကိုယ့်ဘက်ကလည်း အဖွဲ့တွေက များတယ်။ ဘယ်အဖွဲ့က ဘယ်နှစ်ယောက်ကျလည်း ဘာမှ သေချာမသိရဘူး။ လေကြောင်းက အဆက်မပြတ်တိုက် နေတာဟာ သူတို့ဘက်က အထိနာလို့ပဲ” ဟု အထက်ပါ ရဲဘော်က ဆက်လက်ရှင်းပြသည်။
ထို့ပြင် ပင်လည်ဘူးမြို့အား ထိုးစစ်ဆင်တိုက်ခိုက်နေသည် တော်လှန်ရေးတပ်များသည် ခရိုင်တပ်ရင်းများ၊ အမှတ်-၁ စစ်ဒေသ တပ်ရင်းတပ်ဖွဲ့များ၊ ပကဖတို့ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပြီး ယင်းမြို့ရရှိရေးအတွက် ခြောက်ကြိမ်မြောက် ထိုးစစ်ဆင်နေခြင်းလည်းဖြစ်သည်။
ပင်လည်ဘူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်သည့် ကာလတစ်လျောက် ဩဂုတ် ၁၈ ရက်အထိ ရဲစခန်းတစ်ခုသာ သိမ်းပိုက်ရန် ကျန်ရှိခဲ့သော်လည်း၊ ဩဂုတ် ၂၂ ရက်မှ လက်ရှိအချိန်ထိ စစ်ကောင်စီက Mi-17 ရဟတ်ယာဉ် လေးစင်း ဖြင့် စစ်သားနှင့် လက်နက်အင်အားဖြည့်တင်းမူများပြုလုပ်ခဲ့သည်မှာ ၁၀ ကြိမ်ထက်မနည်းရှိခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
“ လွန်ခဲ့တဲ့ တစ်ပတ်လောက်ထိတော့ ရဲစခန်းပဲ သိမ်းဖို့ကျန်တာ၊ သူတို့က Mi-17 ရဟတ်ယာဉ်နဲ့ လူတွေလာချတော့ သိမ်းစရာက သုံးနေရာဖြစ်သွားတယ်။ ကျောက်တိုင်ကုန်း၊ ဆေးရုံနဲ့ ရဲစခန်းနေရာတွေပေါ့” ဟု အမှတ်-၁ စစ်ဒေသမှ ရဲဘော်တစ်ဦးက ပြောသည်။
ပင်လည်ဘူးမြို့ကျဆုံးမှုမရှိစေရေးအတွက် စစ်ကောင်စီသည် Mi-17 ရဟတ်ယာဉ်နှင့် Y-12 ထောက်ပို့လေယာဉ်များ ဖြင့် စစ်သား၊ ရိက္ခာ၊ လက်နက်များ ဖြည့်တင်းနေမှုအပြင် ဂျက်ဖိုက်တာ၊ Mi-35 နှင့် Yak-130 တို့ကို အသုံးပြုပြီး လေကြောင်းမှ အဆက်မပြတ် တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။
ပင်လည်ဘူးမြို့တွင် စစ်ကောင်စီတပ်အပြင် SNA (ရှမ်းအမျိုးသားတပ်မတော်) တို့ အခြေစိုက်ထားပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ နမခ)၊ ဝန်းသို ခမရ-၁၂၀၊ ကန့်ဘလူ ၆၀၀၆ တကရတို့မှ စစ်သားများပါ အင်အားဖြည့်တင်းထားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
ပင်လည်ဘူးမြို့ သိမ်းတိုက်ပွဲသည် သုံးပိတ်ခန့်ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိချိန်ထိ တိုက်ပွဲအရှိန် မြင့်နေဆဲဖြစ်ကာ တော်လှန်ရေးပူးပေါင်းတပ်များက အလှည့်ကျ ပုံစံဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ကောင်စီက လေကြောင်းဖြင့် အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် ပင်လည်ဘူးမြို့အနီးရှိ ကျေးရွာများမှ နေအိမ်များ ထိခိုက်ပျက်စီးမှုများရှိသော်လည်း မြေပြင် အခြေအနေအရ ပျက်စီးမှုကို စာရင်းအသေးစိတ်ကို သိရှိရခြင်း မရှိသေးပေ။
ယင်းအပြင် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ သုံးပတ်တာ ကာလအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးပူပေါင်းတပ်များမှ ထိခိုက်၊ သေဆုံးမှုများရှိသော်လည်း အရေအတွက် သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ထို့ပြင် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကာလ ၃ပတ်တာ ကာလအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိသော်လည်း အရေအတွက် အတိအကျ သိရှိရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။