By Ko Paing / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို PDF တို့က အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ကိုးဦးသေဆုံးကြောင်း Southern YSO PDF က သတင်းထုတ်ပြန်သည်။
ယနေ့ (စက်တင်ဘာငါးရက်) နေ့ခင်း ၁၁နာရီခွဲဝန်းကျင်တွင် ပခုက္ကူလေယာဥ်ကွင်း အနောက်ဘက်ရှိ မြောက်လူးကန်ကျေးရွာဘုန်းကြီးကျောင်းတွင် အင်အား ၈၀ ဝန်းကျင် ဖြင့်တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို မိနစ် ၂၀ ခန့်ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“ကျတော်တို့ စခန်းသိမ်းမစ်ရှင်အဖြစ်လုပ်ဆောင်ခဲ့ပေမယ့် စခန်းတော့မရခဲ့ပါဘူး။ကျတော်တို့ ပစ်လိုက်လို့ ကျသွားတဲ့ စစ်သားတွေကိုမြင်ရတယ်။သေနတ်တွေကိုလည်း မြင်ရတယ်။သွားကောက် ရင်သတ်ကွင်းထဲရောက်သွားမှာ။သူတို့က ဘုန်းကြီးကျောင်း အုတ်တံတိုင်းအတွင်းထဲမှာဆိုတော့ ဝင်ကောက်ရင်အပစ်ခံရမှာ။ကျတော်တို့ အနီးကပ်တိုက်ပွဲလို့ပြောလို့ရတယ်။အတောင် ၂၀ လောက်ပဲကွာတယ်” ဟု Southern YSO PDF တာဝန်ခံ ဗိုလ်အောင်မောင်း က MPAသို့ပြောသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း သေဆုံးသွားသည့် စစ်သားအလောင်းများနှင့် ဒဏ်ရာရ စစ်သား ခြောက်ဦးကို ပခုက္ကူဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို Southern YSO PDF က နတ်မိချောင်းစစ်ဆင်ရေးအဖြစ် ဒေါင်းညီနောင်၊Yesagyo Revolution Group(YRG)၊ဒေါင်းသွေးနီ၊ပြည်သူ့အားမာန်၊King Cobra တို့နှင့် ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော် နှစ်ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။